ပဲမျိုးစုံ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၃၀ နီးပါး ရရှိခဲ့ပြီး လယ်ယာထွက်ကုန်များတွင် ပဲမျိုးစုံ တင်ပို့မှုမှ နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနိုင်ခဲ့

White Star | 火曜日, 10月 15, 2013 |


I-16-10
ပြည်ပသို့ တင်ပို့လျက်ရှိသည့် မြန်မာ့ပဲမျိုးစုံကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆ သိန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၄၃၀ နီးပါး ရရှိခဲ့သဖြင့် ပြည်ပသို့ တင်ပို့ခဲ့သည့် လယ်ယာထွက်ကုန် သီးနှံများတွင် ပဲမျိုးစုံ တင်ပို့မှုမှ နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ပဲမျိုးစုံတန်ချိန် ၆၂၉၃၅၂ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၄၅၃ သန်း ရရှိထားသော်လည်း မတ်ပဲ၊ ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ထောပတ်ပဲ တင်ပို့မှု လျော့ကျနေကြောင်း သိရသည်။
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဘိုကိတ်ပဲနှင့် ပဲပုတ်စေ့ အစရှိသည့် ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲမျိုးစုံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၃၀ နီးပါး ရရှိခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် လျော့နည်းနေကြောင်း သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလ တင်ပို့နှင့် နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေပါ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင် ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်တွင် ပဲမျိုးစုံ တင်ပို့မှုတန်ချိန် ၁၄ သိန်းကျော် ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၁၂ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာ ထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ရော်ဘာ၊ ကြက်ဆူ၊ သီဟိုစသည့် နှစ်ရှည်သီးနှံ၊ သရက်သီး၊ ဖရဲသီး၊ သရက်ပြားခြောက်၊ သခွားမွှေး စသည့် သစ်သီးဝလံများ၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းတက်၊ ချင်းစို၊ ချင်းခြောက်စသည့် မီးဖိုချောင် သီးနှံများကို လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ လုံးဝမှီခို အားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။
ထိုသို့ ပင်မထုတ်ကုန် အနည်းငယ် အပေါ်သာ မှီခိုအားထား နေရခြင်းကြောင့် အစိုးရက ပြည်ပပို့ကုန် အမျိုးအစားများ စုံလင်များပြား လာစေရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေကြောင်း၊ ကုန်သွယ်မှု ကဏ္ဍအတွက် ဘဏ္ဍာရေးငွေကြေး ကိစ္စများ ပံ့ပိုးပေးခြင်း (Trade Financing)၊ ဈေးကွက်ချဲ့ထွင် ပေးခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက် ပေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲရန် ဆောင်ရွက်နေပြီး အဆိုပါ မဟာဗျူဟာတွင် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များတွင် ပဲမျိုးစုံလည်း ပါဝင်ကြောင်း သိရသည်။   

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ