ဆန္ဒမဲ လက်မှတ်များတွင် ဖယောင်း သုတ်ထားသည်ဟု ကော်မရှင် အဖွဲ့သို့ တိုင်ကြားခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်းအား ပုဗ္ဗသီရိမြို့နယ် တရားရုံးက ငွေဒဏ်ချမှတ်

White Star | 金曜日, 10月 11, 2013 |


8.1.1
တရားရုံးမှအထွက် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးနေသော ဦးဥာဏ်ဝင်းအား တွေ့ရစဉ်
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ လက်မှတ်များတွင် ရေးခြစ်မရအောင် ဖယောင်းသုတ်ထားသည် ဆန္ဒမဲ လက်မှတ်များကို မဲရုံမှူးများက မဲပေးလာသူများအား ပေးအပ်နေသည်ဟု ကော်မရှင် အဖွဲ့သို့ တိုင်ကြားခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်းအား အောက်တိုဘာ ၁၀ ရက် နေပြည်တော် ပုဗ္ဗသီရိ တရားရုံးက ငွေဒဏ်ချမှတ် ခဲ့ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ဆန္ဒမဲလက်မှတ်များတွင် ရေးခြစ်လို့ မရအောင် ဖယောင်းသုတ်ထားသည်ကို ပြည်ပသတင်းဌာနများနှင့် ပြောဆိုခဲ့ခြင်း၊ သတင်းစာစောင်များတွင် ထည့်သွင်းဖော်ပြခဲ့ခြင်း၊ ဆန္ဒမဲလက်မှတ်ကို ဖယောင်း သုတ်ထားခြင်းသည် ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်းဖြစ်၍ မမှန်သော သတင်းကို မမှန်မှန်း သိလျက်နဲ့ ပြည်သူ့ဝန်ထမ်းအား မပြုသင့်သည့် အမှုကို ပြုစေခြင်းတို့ကြောင့် ကော်မရှင်အဖွဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ''ကျွန်တော်တို့ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက ဖယောင်းသုတ်တယ်၊ ခြစ်လို့မရဘူးဆိုတာ Complain တက်တယ်။ ကျွန်တော်က ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူးကို ဒါကအရေးကြီးတယ်။ ပြည်သူတွေရဲ့ မဲပေးခွင့်ကို ထိခိုက်စေတယ်လို့ ဗဟိုကော်မရှင်ကို ကျွန်တော် တရားဝင်ပို့တာ၊ သူတို့ ဘာလုပ်လဲဆိုတာ ကျွန်တော်မသိဘူး။ သူတို့ ဘယ်တော့ လုပ်လဲဆိုတော့ ရွေးကောက်ပွဲပြီးလို့ တစ်ပတ်လောက်ကြာမှ သူတို့ Enquiry လုပ်တယ်။ အဲဒီ Enquiry ကျွန်တော် မသိဘူး။ သူတို့ ဘယ်တော့လုပ်တယ်။ Complain လုပ်တာက ကျွန်တော်။ကျွန်တော် ဘာမှမသိဘူး။ ကျွန်တော့်ကိုလည်း အကျိုးအကြောင်း မပြောဘူး။ သူ့ဘာသူ လုပ်ပြီးသွားတယ်။ ပြီးသွားတဲ့ ခါကျတော့ မဟုတ်ဘူးတဲ့။ မဟုတ်ဘူး ဆိုတော့ ဗဟိုကော်မရှင်မှာ ကျွန်တော်ပြောတယ်။ ကျေးဇူးတင်တယ်လို့။ ပြည်သူတွေအတွက် ၀မ်းသာရတယ်လို့။ ဒါပေမဲ့ နောက်တစ်ခုက မှားပြီးတော့ လုပ်တဲ့အတွက် တောင်းပန်တယ်'' ဟု ပြောကြားသည်။
ဦးဥာဏ်ဝင်းက ''ကျွန်တော် မမှားဘူးလို့။ ကျွန်တော် Report လုပ်တာ။ ကျွန်တော် မှန်တယ်လို့ ဘယ်တုံးကမှ မပြောဘူး။ ကျွန်တော်လည်း စုံစမ်းခွင့် မရှိဘူး။ မဲလက်မှတ်ကို ဖြည့်ခွင့်လည်း မရှိဘူး။ မဲရုံသွားလို့ အဖမ်းတောင် ခံရဦးမယ်။ ကျွန်တော့် သဘောနဲ့ ကျွန်တော် မဟုတ်ဘူး။ NLD ပါတီကို ပြန်တင်ပြတယ်။ ပါတီက အမှားလုပ်တာ မဟုတ်လို့ တောင်းပန်ဖို့ မလိုဘူး ဆိုတော့ ကျွန်တော် အကြောင်းပြန်တယ်။ ဒါကိုမကျေနပ်လို့ ကျွန်တော့်ကို တရားစွဲပါတယ်။ တစ်နှစ် ကျော်ပါပြီ။ နေပြည်တော်ကို အခေါက်ခေါက် အခါခါ လာရပါတယ်။ တရားရုံးနဲ့ ဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အတွက် ဒါကို လုံးဝ Complain မလုပ်ဘူး။ ကျွန်တော်ကို ဒီနေ့ အမိန့်ချပါတယ်။ ဒဏ်ငွေတစ်ထောင် ချပါတယ်။ တကယ်လို့ မဆောင်နိုင်ခဲ့ရင် ထောင်ထဲတစ်လ သွားနေရပါမယ်။ ကျွန်တော် ဆောင်လိုက်ပါပြီ'' ဟု ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဥာဏ်ဝင်းအား နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှတ် ၁၈/၂၀၁၃၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ နှင့် အောက်တိုဘာ ၁၀ ရက်တွင် ဒဏ်ငွေကျပ် တစ်ထောင်၊ ပျက်ကွက်က ထောင်ဒဏ် တစ်လတိတိ ကျစေဟု အမိန့်ချမှတ်ခဲ့ပြီး ဦးဥာဏ်ဝင်းက ငွေဒဏ်တစ်ထောင်အား ပုဗ္ဗသီရိ တရားရုံးတော်သို့ ပေးဆောင်ခဲ့ကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ