မြန်မာ့အလင်းနှင့် ဟံသာဝတီ သတင်းစာများအား ပြည်သူပိုင် သိမ်းခဲ့စဉ်က

White Star | 金曜日, 10月 11, 2013 |


8.1.1
ရှေးခေတ် မြန်မာ့အလင်း သတင်းစာ၊ ဂျပန်ခေတ် မြန်မာ့အလင်း သတင်းစာနှင့် ဟံသာဝတီ သတင်းစာ
တစ်ချိန်က နာမည်ကျော်ပုဂ္ဂလိက သတင်းစာများ ဖြစ်ကြသော မြန်မာ့အလင်းနှင့် ဟံသာဝတီ သတင်းစာ များအား ၃၁ ဇန်န၀ါရီ ၁၉၆၉ တွင် ပြည်သူပိုင် သိမ်းလိုက်ပါသည်။
ပြန်ကြားရေးဌာန၏ အမိန့်စာ
၃၁ ဇန်န၀ါရီ ၁၉၆၉ နံနက် ၁၀ နာရီ အချိန်တွင် ပြန်ကြားရေး ဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၁၃၊ ၃၂၄ တို့ဖြင့် မြန်မာ့အလင်း သတင်းစာနှင့် ဟံသာဝတီ သတင်းစာတို့ကို ပြည်သူပိုင် သိမ်းပိုက်ကြောင်း ကြေညာလိုက်ပါသည်။ ပြန်ကြားရေးဌာန အနေဖြင့် ၁၉၆၅ ခုနှစ် ဆိုရှယ်လစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေ ပုဒ်မ ၃(ခ)ဖြင့် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို သုံးစွဲကာ ယင်းသို့ သိမ်းပိုက် ရပါကြောင်း တော်လှန်ရေး အစိုးရ ကိုယ်စားဆိုပါသည်။
မြန်မာ့အလင်း သတင်းစာ ကော်မတီ
မြန်မာ့အလင်း သတင်းစာနှင့် ပုံနှိပ်လုပ်ငန်းများ လွှဲပြောင်းရယူရေး ကော်မတီကို ပြည်သူပိုင် သတင်းစာတိုက်များ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ကြီးစောမြင့်က ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ဗဟိုပုံနှိပ်တိုက် ဒုအုပ်ချုပ်ရေးမှူး(စက်) ဦးဝါကင်း၊ ဂါဒီယန် သတင်းစာတိုက် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှကြင်၊ ကြေးမုံ သတင်းစာတိုက် ငွေစာရင်း အရာရှိ ဦးထိန်ဝင်းတို့ ပါဝင်ကြ၏။ အတွင်းရေးမှူးအဖြစ် ပြည်သူပိုင် သတင်းစာတိုက်များ ကြီးကြပ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်သိန်းက ဆောင်ရွက်ပါသည်။ မြန်မာ့အလင်း သတင်းစာ လုပ်ငန်းများကို ယင်းကော်မတီက လွှဲပြောင်း ရယူခဲ့ပါသည်။
ဟံသာဝတီ သတင်းစာ ကော်မတီ
အလားတူ ဟံသာဝတီ သတင်းစာနှင့် ပုံနှိပ်လုပ်ငန်းများ ရယူလွှဲပြောင်းရေး ကော်မတီကိုလည်း တစ်ပြိုင်နက် ဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မတီတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှာ ဗိုလ်ကြီးစောမြင့်နှင့် ဦးကျော်သိန်းတို့ပင် ဖြစ်ကြပါသည်။ အဖွဲ့ဝင်များ အနေဖြင့်မူ ဦးဝါကင်း၊ ဗိုလ်တထောင် သတင်းစာတိုက် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်း၊ လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာတိုက် ငွေစာရင်းအရာရှိ ဦးမြင့်ထွန်းတို့ ပါဝင်ကြပါသည်။ ဟံသာဝတီ သတင်းစာတိုက်၏ လုပ်ငန်းကိစ္စ အ၀၀ကို ယင်းကော်မတီက လွှဲပြောင်းရယူ ခဲ့ရသည်။
အမိန့်စာပါ အချက်များ
ပြန်ကြားရေးဌာန၏ အမိန့်စာတွင် ဥပဒေပုဒ်မ (၁၀)နှင့် (၁၁)တို့အရ ပုံနှိပ်လုပ်ငန်းနှင့် သက်ဆိုင်သော စက်ပစ္စည်း ကိရိယာများ၊ စက်ရုံဝင်းနယ်မြေ၊ အဆောက်အဦများ၊ စက္ကူ၊ မင်အိုးများ၊ မော်တော်ယာဉ်များကို အစိုးရပိုင်အဖြစ် သတ်မှတ်လိုက်ပြီး သတင်းစာတိုက်က ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုမူ အစိုးရက တာဝန်မယူကြောင်း ဖော်ပြပါရှိခဲ့သည်။ ထို့နောက် သတင်းစာတိုက် လုပ်ငန်းဟူသမျှကို အသစ်ဖွဲ့စည်း ထားပြီးဖြစ်သော လွှဲပြောင်းရေး ကော်မတီများက ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
မြန်မာ့အလင်း သတင်းစာ
မြန်မာ့အလင်းကို ၁၉၁၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ ဘားလမ်း(ယခု မဟာဗန္ဓုလ ပန်းခြံလမ်း) အမှတ် ၅၁ မှ ဦးရွှေကြူးက မဂ္ဂဇင်းအဖြစ် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်သည် ဆိုပါသည်။ ပထမတစ်လ တစ်ကြိမ် ထုတ်ရာမှ မကြာမီ ၁၅ ရက် တစ်ကြိမ် ထုတ်ဖြစ်လာခဲ့သည်။ ထို့နောက် ပထမ ကမ္ဘာစစ်အတွင်း စစ်ကြေးနန်း သတင်းလွှာအဖြစ် တစ်ရက်ခြား ထုတ်ဝေခဲ့ပါသည်။
လူကြိုက်များ လာသောအခါ ၂၁ စက်တင်ဘာ ၁၉၁၄ မှ စတင်ကာ နေ့စဉ်ထုတ် သတင်းစာအဖြစ် ထုတ်ဝေခဲ့ကြသည်။
အစောပိုင်းကာလ ဖန်တီးကြသူများ
မြန်မာ့အလင်း သတင်းစာကို စတင်ထုတ်ဝေစဉ်က ကိုယ်ပိုင်စာ ပုံနှိပ်စက် မရှိသေးဘဲ ပိုင်ရှင်ဦးရွှေကြူး၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီးနှင့် ဦးကျော်(ပီမိုးနင်း)တို့ သုံးဦးတည်းဖြင့် ဖန်တီးနေကြခြင်း ဖြစ်သည်။ ယင်းသို့ ထုတ်ဝေစ၌ပင် ''မတ်လ ၁၅ ရက်ကို သတိပြုပါ (Beware of the 15th of March)'' ဟူသော စာကြောင်းတို ကလေးကို ထည့်သွင်း မိရာမှ စုံထောက်ဌာနက လျို့ဝှက်သတင်း ပေါက်ကြားသည်ဆိုကာ ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရသည်။ ပီမိုးနင်းက သူ၏စာအုပ် ကြော်ငြာဟု ဆိုသည်။ သို့သော် စုံထောက်ဘက်က လက်မခံပေ။ မတ် ၁၅ ရက်တွင် ရွှေတိဂုံတပ်စောင့် ရှိတ်စစ်သားများ သပိတ်မှောက်မည့် အကြောင်း ကြိုတင် သတင်းရထားပြီး ဖြစ်သည်ဟု ဆိုပါသည်။

၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရပြီး ထိုနေ့ညနေ၌ပင် ဂဠုန်ဦးစောကို နိုင်ငံတော် လုပ်ကြံမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သတင်းအား နောက်တစ်နေ့ ဟံသာဝတီ သတင်းစာကသာ ဦးဦးဖျားဖျား ဖော်ပြနိုင်ခဲ့သည်...


သတင်းစာ ခေတ္တရပ်စဲခြင်း
အာဏာပိုင်တို့က အာမခံကြေး ကျပ် ၅၀၀၀ တောင်းခံစဉ် ဦးရွှေကြူးက မပေးဘဲ သတင်းစာတိုက်ပိတ်ကာ ဂျပန်သို့ ထွက်ခွာသွား၏။ လမ်းခရီးတွင် ဗီယက်နမ်ပြည် ဆေဂုံသို့ဝင်ကာ မြင်ကွန်းမင်းသားကြီးနှင့် တွေ့ဆုံခဲ့သည်။ ပြင်သစ်သြဇာခံ မင်းသားကြီးနှင့် တွေ့ဆုံခဲ့ခြင်းကို ဗြိတိသျှ အစိုးရက တစ်မျိုးအဓိပ္ပာယ် ကောက်ကာ ဦးရွှေကြူး ဂျပန်မှအပြန် စင်ကာပူ အရောက်တွင် မြန်မာပြည်သို့ ပြန်လာခွင့် မပြုတော့ပေ။ စင်ကာပူ၌ ဦးရွှေကြူးက ဂျပန်မှ ပြန်လာသော ဦးကိုကိုကြီး ဆိုသူအား မြန်မာ့အလင်း သတင်းစာကို ရောင်းချလိုက်သည်။
အဆက်ဆက် ကူးပြောင်းခြင်း
ဦးကိုကိုကြီးသည် မြန်မာပြည်သို့ ပြန်ရောက်သောအခါ ''မြန်မာ့အလင်း သတင်းစာအသစ်'' အမည်ဖြင့် ၁၄ မေ ၁၉၁၉ မှ စတင် ထုတ်ဝေခဲ့သည်။ ထိုစဉ်က အယ်ဒီတာများမှာ ဦးစိမ်း၊ ဆရာသင်နှင့် ဦးဘသန်းတို့ ဖြစ်ကြသည်။ နောက်ပိုင်း ဦးမောင်ကြီးလက်သို့ ပြောင်းသွားခဲ့သည်။ မြန်မာ့အလင်း သတင်းစာသည် အမျိုးသားရေး စိတ်ဓာတ် နိုးကြားတက်ကြွစေရန် များစွာ အထောက်အကူ ပြုခဲ့ပါသည်။
ဂျပန်ခေတ် ဆက်လက်ထုတ်ဝေ
မြန်မာ့အလင်း သတင်းစာကို ဂျပန်ခေတ် အတွင်း ၁၃ မတ် ၁၉၄၂ တွင် ပြန်လည် ထုတ်ဝေခဲ့သည်။ ထိုစဉ်က အယ်ဒီတာမှာ ဦးသန်းတင့် (စာရေးဆရာဓူဝံ) ဖြစ်သည်။ တစ်စောင်လျှင် ခြောက်ဆင့်နှုန်းဖြင့် ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ မြန်မာ့အလင်း သတင်းစာတိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဧပြီလကုန်တွင် ခေတ္တရပ်နား သွားခဲ့သည်။ ထို့နောက် မြန်မာ့အလင်းက လွတ်လပ်ရေး ခေတ်တွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
မြန်မာ့အလင်း သတင်းစာကို ဆက်လက် ထုတ်ဝေခဲ့ကြရာ ၁ စက်တင်ဘာ ၁၉၆၆ တော်လှန်ရေး ကောင်စီ လက်ထက်တွင် မြန်မာ့အလင်း သတင်းစာတိုက်ပိုင်ရှင် ဦးဘအေးလက်မှ ကာယလုပ်သားများက လွှဲပြောင်း ရယူခဲ့ကြသည်။ ထို့နောက် ပြည်သူပိုင်အဖြစ် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ဟံသာဝတီ သတင်းစာ
ဟံသာဝတီ သတင်းစာကို အာမေနီယံလူမျိုး ရစ်ပလီဆိုသူက စတင်ထုတ်ဝေခဲ့သည်။ ရစ်ပလီသည် မင်းတုန်းမင်း၏ မွေးစားသားအဖြစ် ထင်ရှားခဲ့သူဖြစ်ပြီး သီပေါမင်းနှင့်အတူ ဆရာမှတ်ကြီး (ဒေါက်တာဂျေအီးမတ်ခ်) ၏ သံတဲကျောင်း တက်ခဲ့သူလည်း ဖြစ်သည်။ ၁၈၈၆ ခုနှစ်တွင် ရန်ကုန်မြို့ ၃၄ လမ်း၌ ပုံနှိပ်တိုက် စတင်တည်ထောင်ကာ စာအုပ်များ ပုံနှိပ်နေခဲ့သည်။ ထို့နောက် ၁၈၉၇ ခုနှစ်တွင် ဟံသာဝတီ ၀ိကလီရဗျူး (Hanthawaddy Weekly Review) ကို ထုတ်ဝေခဲ့သည်။ မြန်မာ ဘုရင်လက်ထက် သံတော်ဆင့် ဦးရွှေတောင်ကို အယ်ဒီတာအဖြစ် ခန့်အပ်ခဲ့သည်။
လက်ပြောင်းလက်လွှဲ
ဟံသာဝတီ သတင်းစာသည် ဒိုင်အာခီ ခေတ်တွင် နှစ်အတန်ကြာ ရပ်စဲသွားပြီး စစ်ပြီးသောအခါ ဗြိတိသျှဘားမား ကုမ္ပဏီမှ သူဌေးဦးညွန့်သို့ လွှဲပြောင်းပေးခဲ့ရသည်။ ဦးညွန့်လက်ထက် ၂၉ နိုဝင်ဘာ ၁၉၄၅ (အမျိုးသားနေ့) တွင် ဟံသာဝတီ သတင်းစာကို တစ်ဖန်ပြန်လည် ထုတ်ဝေခဲ့ရာ လူကြိုက်များ လှပါသည်။ ထိုစဉ်က အယ်ဒီတာမှာ ဦးထွန်းဖေ ဖြစ်ပြီး နောက်ဆုံး တာဝန်ယူခဲ့သည့် အယ်ဒီတာမှာမူ ဦးဘဖေ ဖြစ်ပါသည်။ ဟံသာဝတီ သတင်းစာကို တနင်္လာနေ့မှတစ်ပါး နေ့စဉ် ထုတ်ဝေခဲ့သည်။
နိုင်ငံတော် လုပ်ကြံမှုသတင်း
၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရပြီး ထိုနေ့ညနေ၌ပင် ဂဠုန်ဦးစောကို နိုင်ငံတော် လုပ်ကြံမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သတင်းအား နောက်တစ်နေ့ ဟံသာဝတီ သတင်းစာကသာ ဦးဦးဖျားဖျား ဖော်ပြနိုင်ခဲ့သည်။ သို့ဖြင့် စောင်ရေ ၈၀၀၀ ရှိ ဟံသာဝတီ သတင်းစာမှာ စောင်ရေ ၁၆၀၀၀ သို့ ချက်ချင်း မြင့်တက်သွားခဲ့သည်။
ဆက်လက် ထုတ်ဝေသွားရေး
မြန်မာ့အလင်းနှင့် ဟံသာဝတီ သတင်းစာ နှစ်စောင်စလုံးကို ပြည်သူပိုင် သိမ်းလိုက်သော်လည်း လုံးဝရပ်နားမှု မရှိဘဲ အစဉ်မပြတ် ဆက်လက် ထုတ်ဝေသွားမည် ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ယင်းသို့ ကြေညာသည့် အတိုင်းလည်း သတင်းစာများကို စဉ်ဆက်မပြတ် ဆက်လက် ထုတ်ဝေခဲ့ပါသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ