တနင်္သာရီချောင်းငယ် ရေကြီးမှုကြောင့် ချောင်းလမုရွာတွင် ရေကျဆင်းခြင်း မရှိသေး

ချောင်းလမုကျေးရွာမှ ရေဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်းရှိ တနင်္သာရီမြစ် ရေကြီးမှုကြောင့် ရေလွှမ်းမှုခံခဲ့ရသောချောင်း လမုကျေးရွာတွင် ယခုအထိ ရေပြန်လည် ကျဆင်းခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလများတွင် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ၌ တနင်္သာရီမြစ်ရေ လွှမ်းမှုများ ခံခဲ့ရကြောင်း သိရသည်။ တနင်္သာရီမြစ်ရေမှာ နှစ်ကြိမ်စလုံး စိုးရိမ်ရေအမှတ်ဖြစ်သည့် ၂၄ ပေအထက် ကျော်လွန်ခဲ့ကာ ဒေသခံများ အများအပြားကို နေရာရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရသည်။ နောက်ဆုံးမြစ်ရေကြီးသည့် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် မြစ်ဖျားရေများအပြင် တောင်ကျချောင်းများ နှင့်မိုးကောင်းရေများကြောင့် ချောင်းငယ်ရေကြီးမှု ဖြစ်ပေါ်ကာ ချောင်းငယ်ပိုင်းရှိ ဒေသများ မြစ်ရေလွှမ်းမှု ခံခဲ့ရပြီး ချောင်းလမုကျေးရွာမှာ အဆိုးဝါးဆုံး ခံခဲ့ရကြောင်း သိရသည်။
"ဒီတစ်ကြိမ် ရေကြီးတာက တနင်္သာရီမြို့အနေနဲ့ ပြောရရင် လေးကြိမ်မြောက် ဖြစ်ပါတယ်။ နှစ်ကြိမ်က စိုးရိမ်ရေအမှတ်ကို ကျော်လွန်ပြီး ရေကြီးတာ ဖြစ်တယ်။ နောက်နှစ်ကြိမ်က သာမန်ရေကြီးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အရင်က တနင်္သာရီမြစ်ရေက စိုးရိမ်ရေအမှတ်ကို ကျော်တာတောင် ရေမကြီးတဲ့ ချောင်းလမုရွာမှာ ဒီနှစ်ရေမြုပ်တယ်။ တောင်ကျရေတွေကြောင့် ရေကျခြင်း မရှိသေးဘဲ ၁၅ ရက်လောက် ကြာနေပြီ" ဟု တနင်္သာရီ ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
တနင်္သာရီမြို့နယ် အတွင်းရှိ ချောင်းလမုကျေးရွာ အပါအ၀င် ညောင်ပင်ကွင်းကျေးရွာနှင့် သကျစ်ကျေးရွာများရှိ မြေနိမ့်ပိုင်းများတွင် ယခုအထိ မြစ်ရေတက်နေသေးကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ အကုန်ပိုင်းတွင် ချောင်းလမုရွာ၌ မြစ်ရေလွှမ်းမှုကြောင့် နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။
Category:



