နွား၊ ၀က်၊ ဆိတ်၊ ကြက် စသည့် တိရစ္ဆာန်များကို Livestock Bank လုပ်ပြီး ကျေးလက်ဒေသများကို ဖြန့်ဖြူးပေးရန် စီစဉ်

ပြင်ဦးလွင်ရှိ နို့စားနွားမွေးမြူရေး ခြံတစ်ခြံအား တွေ့ရစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)
နွား၊ ၀က်၊ ဆိတ်၊ ကြက် စသည့် တိရစ္ဆာန်များကို Livestock Bank လုပ်ပြီး ကျေးလက်ဒေသများကို ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်က ပြောကြားသည်။
အစိုးရမှ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ငွေကျပ်သန်းပေါင်း ၇၅၀၀၀ ကျော် ပေးထားကြောင်း သိရသည်။
"ကျွန်တော်တို့ ဌာနက ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေတယ်။ ဒီလုပ်ငန်းက ထွက်လာတဲ့ ထွက်ကုန်ဖြစ်တဲ့ ၀က်မွေးတဲ့ လုပ်ငန်းတွေ၊ ကြက်မွေးတဲ့ လုပ်ငန်းတွေ၊ ဘဲမွေးတဲ့ လုပ်ငန်းတွေ အဲဒီက ထွက်ကုန်တွေကို ယူပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိရစ္ဆာန်တွေကို ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။ ကျေးလက်တွေမှာ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ Livestock Bank အဖြစ် သတ်မှတ်ပြီး ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နွားပေးဖို့ ရှိပါတယ်။ ၀က်၊ ဆိတ်၊ ကြက်၊ ဘဲ ဒါတွေကို ကျေးလက်ဒေသတွေကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်" ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်က ဆက်လက်ပြောကြားသည်။
ထို့သို ကျေးလက်ဒေသများကို မွေးမြူရေး တိရစ္ဆာန်များ ဖြန့်ဖြူးပေးရာတွင် မျိုးကောင်း၊ မျိုးသန့်ဖြစ်သည့် တိရစ္ဆာန်များကို ပြည်ပနိုင်ငံများမှတစ်ဆင့် တင်သွင်းပြီး ကျေးလက်ဒေသများအတွက် ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်က "ပြည်ပကို တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းများကို တင်ပို့ရာမှ တရုတ်နိုင်ငံကလွှဲလို့ တင်ပို့ရတယ်။ တင်ပို့ခွင့် ပြုထားပါပြီ။ ဗဟိုကနေ ချုပ်ကိုင်ခြင်း မရှိတော့ပါဘူး။ တင်သွင်းမှုပြုတဲ့ အခါမှာ တချို့လုပ်ငန်းတွေမှာ မူဝါဒတွေအရ ကန့်သတ်ထားတာတွေ ရှိပါတယ်။ ဗဟိုကနေ တချို့လုပ်ငန်းတွေကိုသာ ထိန်းသိမ်းတာလေးတွေ ရှိပါတယ်" ဟု ပြောကြားသည်။
Category:



