ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၆၀၀၀၀ ကျော် တင်ပို့ထားပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ဒေါ်လာသန်း ၂၈၀ နီးပါးရရှိ

ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်နေသည့် စက်ရုံတစ်ရုံအား တွေ့ရစဉ်
ပြည်ပသို့ မြန်မာ့ရေထွက်ကုန်များကို တင်ပို့ရာတွင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ခြောက်လကျော် ကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တန်စုစုပေါင်း ၁၆၀၀၀၀ ကျော် တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါး ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန FIQC ဌာနမှ သတင်းရရှိသည်။
ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ် တင်ပို့မှုအနေဖြင့် တင်ပို့ရာတွင် ယခုဘဏ္ဍာနှစ်၌ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် ခြောက်လကျော် ကာလအတွင်း ရေထွက်ကုန် မက်ထရစ် တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့နိုင်ကာ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော် ရရှိထားကြောင်း သိရသည်။
ထို့အပြင် နယ်စပ်ကုန် တင်ပို့မှုအနေဖြင့် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားပြီး ယခုဏ္ဍာနှစ် ခြောက်လကျော် ကာလအတွင်း ရေထွက်ကုန် တန်ချိန် ၉၂၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၄၄ သန်းကျော် ရရှိထားကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန် ပြည်ပတင်ပို့မှုမှာ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးသာ ရရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၏ လက်ရှိအချိန်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၃ သန်းကျော် ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးသာ ရရှိနေသည့်အပြင် ရေထွက်ကုန် တင်ပို့မှုမှာလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် လျော့နည်းနေကြောင်း သိရသည်။
Category:



