တရုတ်ကုမ္ပဏီ CNMC မှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့် တကောင်းတောင် နီကယ်သတ္တုတွင်းနှင့် ဖယ်ရိုနီကယ် စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်နေ

တကောင်းတောင် စီမံကိန်းအတွက် လုပ်ငန်းသုံးပစ္စည်းများ သယ်ဆောင်နေစဉ် (Photo:cn15mcc)
တရုတ်ကုမ္ပဏီ CNMC(China Non-ferrous Metal Mining(Group) Co.,Ltd) မှ အမေရိကန် ဒေါ်လာသန်း ၈၀၀ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တကောင်းတောင် နီကယ်သတ္တုတွင်းနှင့် ဖယ်ရိုနီကယ် စက်ရုံစက်စွမ်းအားပြည့် စမ်းသပ် လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တကောင်းတောင်နီကယ် သတ္တုတွင်းနှင့် ဖယ်ရိုနီကယ် စက်ရုံစက်စွမ်းအားပြည့် စမ်းသပ် လည်ပတ်နိုင်ရေးအတွက် ဗဟိုကြီးကြပ်ရေး ကော်မတီ၊ သတ္တုတွင်းနှင့် ကြိတ်ခွဲသန့်စင်စက်ရုံ စက်စွမ်းအားပြည့် စမ်းသပ်လည်ပတ်ရေး ဆပ်ကော်မတီ၊ အရည်အသွေး ထိန်းသိမ်းရေး ဆပ်ကော်မတီ အစရှိသည့် ကော်မတီနှင့် ဆပ်ကော်မတီများကို သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်ကုမ္ပဏီမှ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားကာ လုပ်ငန်းများ လည်ပတ်နိုင်ရေး ပြင်ဆင်ခဲ့ကြောင်း သိရသည်။
တကောင်းတောင် နီကယ်သတ္တုတွင်းနှင့် ဖယ်ရိုနီကယ် စက်ရုံသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်း မြို့နယ်ခွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် တကောင်းဒေသတွင် တည်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၃)သတ္တုတွင်းလုပ်ငန်းနှင့် CNMC (China Nonferrous Metal Mining(Group) Co.,Ltd ) တို့သည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
တကောင်းတောင် နီကယ်စီမံကိန်းသည် တရုတ်နိုင်ငံမှ အိမ်နီးချင်းနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံသည့် ပမာဏအများဆုံး စီမံကိန်းများတွင် တစ်ခုလည်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် တရုတ်၊ မြန်မာ ပူးပေါင်းဆောင်ရွက်သည့် အကြီးဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းအတွက် ထုတ်လုပ်မှုနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန်အတွက် ၂၀၀၄ ခုနှစ်ကတည်းက တရုတ်ကုမ္ပဏီနှင့် အမှတ်(၃)သတ္တုတွင်းလုပ်ငန်းတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ ဘူမိဗေဒ လေ့လာမှုများနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ပြုလုပ်ပြီးစီးခဲ့သဖြင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ကိုလည်း နှစ်ဖက်ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတစ်ခုလုံးတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိနိုင်ပြီး ယင်းစီမံကိန်း ပြီးစီးလည်ပတ်နိုင်ပါက တစ်နှစ်လျှင် ဖယ်ရိုနီကယ် ၈၅၀၀၀ တန် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း CNMC (China Nonferrous Metal Mining(Group) Co.,Ltd ) က ထုတ်ပြန်ထားသည်။
CNMC ကုမ္ပဏီကို ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီသည် တရုတ်အစိုးရ၏ စီမံခန့်ခွဲမှု အောက်တွင်ရှိနေသည့် တရုတ်နိုင်ငံ၏ အကြီးစားစီးပွားရေး လုပ်ငန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
Category:



