အမြန် ဘတ်စ်ကားလိုင်း BRT စနစ်တွင် ၀င်ရောက်လုပ်ကိုင်လိုသည့် ပုဂ္ဂလိက ကုမ္ပဏီ ငါးခုအထိ ရှိနေ

White Star | 日曜日, 10月 13, 2013 |


Q-13-10
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မောင်းနှင်နေသော ခရီးသည်တင် ယာဉ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့တွင်း ပြေးဆွဲရန် လျာထားသော အမြန် ဘတ်စ်ကားလိုင်း BRT စနစ်တွင် ၀င်ရောက်လုပ်ကိုင်လိုသည့် ပုဂ္ဂလိက ကုမ္ပဏီ ငါးခုအထိ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့ မှုများကြောင့် ခရီးသွားပြည်သူများ အချိန်ကြာမြင့်စွာ ဘတ်စ်ကား စီးနင်းနေရကြောင်း၊ ယင်းသို့ အချိန်ကြာမြင့်မှုကို လျှော့ချနိုင်ရန်အတွက် အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ဖော်ဆောင်ရန် စီစဉ်နေရာ ယင်းအတွက် ပုဂ္ဂလိယာဉ်လိုင်း တစ်ခုဖြစ်သည့် မေတ္တာလှိုင်း အပါအ၀င် ကုမ္ပဏီငါးခုက ၀င်ရောက်လုပ်ကိုင်လိုသည်ဟု အဆိုပြုစာ တင်ပြထားခြင်း ဖြစ်သည်ဟု သိရသည်။ တင်ပြထားသည့် ပုဂ္ဂလိ ကုမ္ပဏီများကို အတိအကျ မသိရသော်လည်း ကုမ္ပဏီများဘက်မှ အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရန် အဆိုပြု တင်ပြထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပြု တင်ပြလာသည့် ကုမ္ပဏီ ငါးခုအနက် မေတ္တာလှိုင်း ယာဉ်လိုင်းမှ အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့် အသုံးပြုမည်ဟုလည်း ထုတ်ပြန်ထားသည်။
အမြန် ဘတ်စ်ကားလိုင်း စနစ်အား ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည် ဖော်မည်ဖြစ်ရာ ယင်းကိုအမြန်ဆုံး အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း၊ အမြန် ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးသန့်သတ်မှတ်ခြင်း၊ မီးပွိုင့်စနစ်များကို ပြင်ဆင်ခြင်းနှင့် ပြေးဆွဲမည့် ခြောက်လမ်းသွားလမ်း ရွေးချယ်မှုများကို ပြုလုပ်ရမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့၏ ခြောက်လမ်းသွား လမ်းတစ်ခုဖြစ်သော ပြည်လမ်းပေါ်တွင် ကနဦးပြေးဆွဲရန် လျာထားသည်။
သို့သော် အခြားလမ်းများတွင် ပြေးဆွဲရန်မှာမူ ယခုလက်ရှိ လမ်းအနေအထားနှင့် အဆင်မပြေနိုင်ဘဲ လမ်းချဲ့ထွင်ခြင်းများ၊ ပြုပြင်ခြင်းများ ပြုလုပ်ရန် လိုအပ်မည်ဟု သုံးသပ်နေကြသည်။
အမြန် ဘတ်စ်ကားလိုင်းများသည် သုံးမိနစ်တစ်ကြိမ်စီ ပြေးဆွဲရန် စီစဉ်နေပြီး အသုံးပြုမည့် ယာဉ်များမှာလည်း အဆင့်မီ ယာဉ်များဖြစ်ကာ ယာဉ်များပေါ်တွင် Air Con စနစ် ပါဝင်မည်ဖြစ်ကြောင်း၊ ယာဉ်စီးခကိုလည်း အများပြည်သူ ၀န်ထုပ်ဝန်ပိုး မဖြစ်နိုင်စေရန် သတ်မှတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယင်းစနစ်အား ယခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဆိုသော်လည်း စနစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် များပြားမည် ဖြစ်သောကြောင့် ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန် မလွယ်ကူသေးကြောင်း သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ