Copy ယဉ်ကျေးမှု

White Star | 金曜日, 10月 11, 2013 |


သီတင်းကျွတ် ကာလသို့ ရောက်တော့မည် ဖြစ်ပါသည်။ ၀ါကျွတ်တော့မည် ဟုလည်း သုံးနှုန်းတတ်ကြပါသည်။ '၀ါကျွတ်ပြီ' ဆိုလျှင် အထူးအားဖြင့် မြန်မာတို့၏ ထိမ်းမြားလက်ထပ် မင်္ဂလာပွဲများကို နေရာဒေသ မျိုးစုံတွင် တွေ့မြင် ကြရသည်မှာ သဘာဝင် ဖြစ်ပါသည်။ မင်္ဂလာ ဧည့်ခံပွဲများကို ငွေကြေးပေါ် မူတည်၍ စွမ်းနိုင်သမျှ ပြုလုပ်လေ့ ရှိကြသည်မှာ မင်္ဂလာပွဲများ၏ အစဉ်အလာ ဖြစ်ခဲ့ကြပါသည်။
ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဓလေ့၊ ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိထားသော ကျွန်တော်တို့ မြန်မာလူမျိုးများ အနေဖြင့် ကျွန်တော်တို့၏ ရိုးရာယဉ်ကျေး မှုများကို အတတ်နိုင်ဆုံး မပျောက်ပျက်အောင် ထိန်းသိမ်းခြင်း၊ ဖော်ထုတ်ခြင်းများ ပြုလုပ်သင့်ပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ညီအောင် ပြုလုပ်သော မင်္ဂလာပွဲများ နည်းပါးနေသည်ဟု ခံစားရပါသည်။ ယနေ့ခေတ်တွင် များသောအားဖြင့် ခေတ်သစ် မော်ဒန်မင်္ဂလာပွဲများကို တွေ့မြင်နေရပါသည်။
လက်ထပ်ထိမ်းမြားနည်း ၁၀ နည်း ရှိသည်ဟု ရှေးလောကီ မြန်မာပညာရှင်များက ဆိုထားပါသည်။ (၁)ပုဆိုးတန်းတင် ထိမ်းမြားနည်း၊ (၂)လက်ဆုံစား၍ ထိမ်းမြားနည်း၊ (၃)လက်စွပ်လဲ၍ ထိမ်းမြားနည်း၊ (၄)အ၀တ်လဲ၍ ထိမ်းမြားနည်း၊ (၅)လက်ထပ်၍ ထိမ်းမြားနည်း၊ (၆)ဒါလီဖွဲ့၍ ထိမ်းမြားနည်း၊ (၇)စုလျားရစ်ပတ်၍ ထိမ်းမြားနည်း၊ (၈)ပန်းကုံးစွပ်၍ ထိမ်းမြားနည်း၊ (၉) ရေခွက်၌ လက်ဆုံချ၍ ထိမ်းမြားနည်း၊ (၁၀)ဦးထိပ်၌ ရေစက်သွန်းချ၍ ထိမ်းမြားနည်းဟူ၍ ၁၀ နည်း ရှိကြောင်း ဆိုထားပါသည်။
လက်ချင်းထပ်၍ ထိမ်းမြားနည်း၌ သတို့သမီး၏ ညာဘက် လက်ဖ၀ါးကို ဖြန့်ထားစေ၍ သတို့သား၏ ညာဘက် လက်ဖ၀ါးကို အပေါ်က ထပ်ပေး၍ ထိမ်းမြားကြရသည်ဟု ဆိုကြပါသည်။ ရေခွက်၌ လက်ဆုံချ၍ ထိမ်းမြားပေးရာတွင် မင်္ဂလာမောင်နှံ နှစ်ဦး၏ လက်တစ်ဖက်စီကို ရေဖလားထဲတွင် ချထားစေ၍ ''ရေဖလားထဲက ရေများ မကွဲမပြား တစ်သားတည်း ရှိနေသလို'' လက်ထပ်မင်္ဂလာ ပြုကြသော ဇနီးမောင်နှံ တို့သည်လည်း မကွဲမပြား တည်ရှိနိုင်ပါစေဟု ဆုတောင်း လက်ထပ်ပေးခြင်း ဖြစ်ပါသည်။
လက်ထပ် မထိမ်းမြားမီ စေ့စပ်ကြောင်းလမ်းခြင်း၊ နားဖောက်ခြင်း၊ မြန်းခြင်းစသော သတို့သားနှင့် သတို့သမီးကြားတွင် ခိုင်ခံ့သော ဆက်သွယ်ခြင်းများ၊ ကတိစကားများ၊ ဆွေးနွေးခြင်းများ ထားရှိကြပါသည်။ ပြုလုပ်ကြပါသည်။ ယနေ့ခေတ်တွင် ဆိုခဲ့ပါ ဓလေ့များ နည်းနေပြီ ဖြစ်ပါသည်။ ကျေးလက် အချို့တွင်သာ ရှေးမူများနှင့်အညီ ပြုလုပ်တတ်ကြ သော်လည်း နောက်ပိုင်း မင်္ဂလာပွဲများတွင် အနောက်တိုင်း ယဉ်ကျေးမှုများ လွှမ်းမိုးလာသည်ကို သတိပြုရပါမည်။

ပြောင်းလဲလာသော ခေတ်ကြီးထဲတွင် လိုက်ပါ ပြောင်းလဲရမည့် စနစ်များ ရှိသလို၊ ကျန်ရစ်ခဲ့ရမည့် ယဉ်ကျေးမှုများ၊ ထိန်းသိမ်း စောင့်ရှောက်ရမည့် ယဉ်ကျေးမှုများလည်း ရှိပါသည်။ အရာရာတိုင်းကို ရေစုံမျှော၍ မဖြစ်သေးပါ...
မြန်မာ့ရိုးရာ ၀တ်စုံဖြင့် မင်္ဂလာ မဆောင်ကြသော မြန်မာမင်္ဂလာ စုံတွဲများလည်း ရှိလာပါသည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် သူတို့၏ ရိုးရာဓလေ့များကို မင်္ဂလာပွဲများ၊ ဈာပနပွဲများတွင် ထင်ထင်ရှားရှား ပြသလေ့ ရှိပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း အနည်းဆုံး မြန်မာဆိုသော အငွေ့အသက်လေး ပါအောင် Foreign ယဉ်ကျေးမှု မလွှမ်းမိုးနိုင်အောင် ပြုမူဆောင်ရွက် သင့်ပါသည်။
ပြောင်းလဲလာသော ခေတ်ကြီးထဲတွင် လိုက်ပါ ပြောင်းလဲရမည့် စနစ်များ ရှိသလို၊ ကျန်ရစ်ခဲ့ရမည့် ယဉ်ကျေးမှုများ၊ ထိန်းသိမ်း စောင့်ရှောက်ရမည့် ယဉ်ကျေးမှုများလည်း ရှိပါသည်။ အရာရာတိုင်းကို ရေစုံမျှော၍ မဖြစ်သေးပါ။ လူသားတိုင်းတွင် မိဘစဉ်ဆက်၊ ဆွေစဉ်မျိုးဆက် ထိန်းသိမ်းစောင့်ရှောက် လာခဲ့သော ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ ရှိပါသည်။ ယင်းတို့ကို ရိုးရာဟူ၍လည်း ခေါ်ဆိုကြပါသည်။ ရိုးရာဆိုလျှင် ကိုးကွယ်ရာဟူ၍ ထင်မှတ်နေခြင်းကား မှားပါသည်။ နိုင်ငံသား တစ်ယောက် အနေဖြင့် နိုင်ငံအတွင်း၊ ဒေသအတွင်းက ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများကို သိရှိထားဖို့ လွန်စွာ လိုအပ်ပါသည်။
ကျွန်တော်တို့ မိဘဘိုးဘွားများ၊ ဆွေစဉ်မျိုးဆက်များ၏ ရိုးရာဓလေ့များက ယနေ့ခေတ်စနစ်နှင့် ညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ ထိုရိုးရာ ယဉ်ကျေးမှုများကို ကျင့်သုံး လိုက်နာပါက အပြစ်ကင်းသည်ဆိုလျှင် လိုက်နာသင့်ပါသည်။ ထိုရိုးရာ ဓလေ့များက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ဖော်ဆောင်ပေးသည် ဆိုလျှင် ကျွန်တော်တို့ အနေဖြင့် နိုင်ငံကြီးသား ပီသစွာ လိုက်နာ ကြရပါမည်။
အခြားအခြားသော ပွဲလမ်းသဘင်များ၊ နေရာဒေသ များတွင်လည်း ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသော အပြုအမူ၊ အပြောအဆို၊ အလေ့အထများလည်း ရှိနေပါသည်။ သေချာတိကျသည့် အချက်အလက်များက ကိုယ့်ယဉ်ကျေးမှုကို လေ့လာမှု၊ ဖြန့်ဝေမှု အားနည်းခြင်း များကြောင့်ဟု ဆိုချင်ပါသည်။ ကျွန်တော်တို့ နိုင်ငံသားများ အနေဖြင့် ကျွန်တော်တို့ နိုင်ငံ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ဖော်ထုတ် ကြရပါမည်။ သိအောင် လုပ်ကြရပါမည်။ သားစဉ်မြေးဆက် အတွက် ယဉ်ကျေးမှု ကောင်းများကို ထားခဲ့နိုင်ရပါမည်။
ထိုကဲ့သို့ ကျွန်တော်တို့ နိုင်ငံ၏ ''မူရင်း ယဉ်ကျေးမှု''များကို ကျွန်တော်တို့ သားသမီး များအတွက် မချန်ထားနိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် ကျွန်တော်တို့ သားသမီးများ အနေဖြင့် Copy ယဉ်ကျေးမှု များထဲတွင် နေထိုင် သွားကြရပါလိမ့်မည်။ ထိုအချိန်ကျမှ ''အဖေတို့ရဲ့ ယဉ်ကျေးမှုတွေက Copy တွေပါလား ဆိုခဲ့လျှင် ကျွန်တော်တို့ ယဉ်ကျေးမှုကို အထင်မကြီးခဲ့သော၊ မလိုက်နာခဲ့သော ဆိုးကျိုးများ၏ အပြစ်ကို ကျွန်တော်တို့ ကိုယ်တိုင် ခံကြရပါလိမ့်မည်။ ကျွန်တော်တို့အားလုံးမှာ ''မူရင်း'' ရှိကြသည်ကို မမေ့ကြပါနှင့်ဟု ပြောလိုပါသည်။

                                                                                        Written by ညီအောင်ညီ

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ