ဆန်စပါးဆိုင်ရာမဟာဗျူဟာနှင့် မူဝါဒများ ရေးဆွဲမည်

hnm | 木曜日, 2月 13, 2014 |



မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျမည့် “အမျိုးသား ဆန်စပါးမဟာဗျူဟာနှင့် ဆန်စပါးမူဝါဒ” (National Rice Strategic & National Rice Policy) ကို စတင်ရေးဆွဲနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချူပ်၏ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က မဇ္ဈိမသို့ ပြောသည်။
ယခင်ကမရှိခဲ့သော ဆန်စပါးမူဝါဒနှင့် မဟာဗျူဟာကို စတင်ဆောင်ရွက်ခြင်းဖြစ်ကာ၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန (International Rice Research Institute) နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ပူးပေါင်းကာ ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုသို့ရေးဆွဲနိုင်ရန် လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးရဲမင်းအောင်ကပြောသည်။
ဦးရဲမင်းအောင်က “ဆန်စပါးမူဝါဒ ခိုင်ခိုင်မာမာရှိမှသာ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရော ပြည်ပ လုပ်ငန်းရှင်တွေပါ ဆန်စပါးကဏ္ဍမှာရှိတဲ့ စက်မှုလယ်ယာ၊ မျိုးစေ့၊ သိုလှောင်ရုံ၊ ဆန်စက်စတဲ့ ကဏ္ဍတွေ ထဲက ဘယ်ကဏ္ဍတွေမှာ ရင်းနှီးလုပ်ကိုင်လို့ရမလဲဆိုတာ စဉ်းစားလို့ရမယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနမှ ပြည်ပပညာရှင်များ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ပြည်တွင်းပညာရှင်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်စပါးလုပ်ငန်းရှင်များနှင့် ပညာရှင်များတို့က ဆန်စပါးမူဝါဒနှင့် မဟာဗျူဟာမူကြမ်းကို ရေးဆွဲ၍ နိုင်ငံတော်အစိုးရထံ တင်ပြသွား မည်ဖြစ်သည်။
ဆန်တင်ပို့သည့် Excel Int’l Trading ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဇင်က “ဆန်စပါးမူဝါဒရှိ လာမှသာလုပ်ငန်းရှင်တွေဘက်က လယ်ယာကဏ္ဍမှာ တိကျသေချာတဲ့ ရင်းနှီးမြှုပ်နှံတာတွေကို ရွေးချယ် လာနိုင်မှာဖြစ်ပါတယ်။ ဆန်စက်တို့၊ နည်းပညာပိုင်းတို့က ရေရှည်လုပ်ရတာဖြစ်တဲ့အတွက် မူဝါဒတစ်ရပ် ခိုင်ခိုင်မာမာရှိမှပဲ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်မယ်။ ဒါမှ ရေရှည်မှာ ဆန်စပါးလုပ်ငန်းက ပိုပြီးစီးပွားရေးဆန်လာ မှာဖြစ်ပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။
ဆန်စပါးမဟာဗျူဟာနှင့် ဆန်စပါးမူဝါဒရေးဆွဲရန်အတွက် သုတေသနနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို မတ်လဆန်းပိုင်းမှစ၍ ဆောင်ရွက်မည်ဖြစ်သည်ဟု ဦးရဲမင်းအောင်က ပြောသည်။
ဆန်စပါးမူဝါဒ ပေါ်ထွက်လာရန်အတွက် ခြောက်လခန့်အချိန်ယူရမည်ဟုလည်း ဦးရဲမင်းအောင်က ဆို သည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြ သူများဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ဆန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိသည်။

သီဟကိုကို
Mizzima News

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ