တိုင်းရင်းသားစာပေများကို မြန်မာနှင့် အင်္ဂလိပ်သို့ ဘာသာပြန်ထုတ်ဝေရန် ဥပဒေကြမ်းရေးဆွဲနေ

မတ် ၄ ရက်တွင် တိုင်းရင်းမီဒီယာ ညီလာခံ ကျင်းပနေသည်ကို တွေ့ရစဉ် ။ဓာတ်ပုံ-နေမျိုး(BNI) |
စာပေဗိမာန်က ဦးစီး၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားများ၏ စာပေများကို မြန်မာဘာသာ
နှင့် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုထုတ်ဝေရန် ဥပဒေကြမ်းရေးဆွဲနေပြီဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက မတ်လ ၄ ရက်တွင် ပြောကြားလိုက်သည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွင် မတ်လ ၄ ရက်မှ ၆ ရက်ထိ ကျင်းပနေသည့် တိုင်းရင်းမီဒီယာ ညီလာခံတွင် ဒုဝန်ကြီးက အဖွင့်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
ထို့ပြင် “နိုင်ငံခြားဘာသာ၊ စာပေများကို မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာသို့” ပြန်ဆိုသွားရန်ဟုလည်း ဥပဒေကြမ်းတွင် ပါဝင်နေသည်ကို တွေ့ရသည်။
ယခုကဲ့သို့ ဥပဒေကြမ်းရေးဆွဲခြင်းကို စာပေဗိမာန်ရှိ ဘာသာပြန်စာပေအဖွဲ့ကို Semi-Government (အစိုးရ တစ်ဝက်ပါဝင်သည့်) အဖွဲ့အဖြစ် ဖွဲ့စည်းပြီး ဆောင်ရွက်သွားရန် စီစဉ်နေခြင်းဖြစ်သည်။
သို့သော် ဥပဒေကြမ်း မည်သည့်အချိန်တွင် ပြီးစီးမည်၊ မည်သည့်အချက်များ ပါဝင်သည်ကိုမူ ဝန်ကြီးအနေနှင့် ထည့်သွင်းပြောဆို သွားခြင်း မရှိပေ။
“ရုပ်သံထုတ်လွှင့်ခြင်း လုပ်ငန်းဥပဒေ အတည်ဖြစ်ပြီးရင်လည်း တိုင်းရင်းသားဒေသများမှာ ဒေသတွင်းရေဒီယို၊ အက်ဖ်အမ်(FM) နဲ့ တီဗွီထုတ်လွှင့်ရုံများကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (ဒါမှမဟုတ်) ပုဂ္ဂလိကသို့ ခွင့်ပြုပေးသွားရန် ဥပဒေပြဋ္ဌာန်းချက်ပါ ရှိလာနိုင်ပါတယ်" ဟု ဝန်ကြီးဦးပိုက်ထွေးက ဆိုသည်။
ထို့ပြင် ပြည်ကြားရေးဝန်ကြီးဌာနက ပြုလုပ်နေသည့် ပြည်သူ့ဒစ်ဂျစ်တယ် စာကြည့်တိုက်ဝန်ဆောင်မှု တွင်လည်း ခွင့်ပြုချက်ပေးပါ က တိုင်းရင်းသား ဘာသာစာပေများကို ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး အဆိုပါ စာကြည့်တိုက်ဝန်ဆောင်မှုကို ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများအထိ တပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ကတိပေးပြောကြားသည်။
သုံးရက်ကြာကျင်းပမည့် တိုင်းရင်းမီဒီယာညီလာခံ၏ ပထမနေ့ မတ် ၄ ရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားမီဒီယာ ၃ဝ ကျော်နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) မှ ဦးအောင်နိုင်ဦး၊ ပအို့တိုင်းရင်းသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဦးခွန်မြတ်ထွန်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။
မြတ်ကျော်သူ
တောင်ကြီး၊ မဇ္ဈိမ