မြန်မာ့ဆန် တန်ချိန်ငါးသိန်း ဖိလစ်ပိုင်ပို့ရန် ညှိနှိုင်း
hnm | 火曜日, 3月 04, 2014 |
မြန်မာနိုင်ငံမှ ပုလဲသွယ်စပါးမျိုး ဆန်တန်ချိန် ငါးသိန်းကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ပြောကြားသည်။
ယင်းက “ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖိလစ်ပိုင်က ပုလဲသွယ်စပါးမျိုး တန်ချိန် ငါးသိန်း ၀ယ်ချင်တယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းနဲ့ ညှိနှိုင်းနေပါတယ်” ဟု ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပုလဲသွယ်စပါးမျိုး ဆန်တန် ချိန်ငါးသိန်းတင်ပို့ရာတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ပို့ရန် အတွက် အဆင်သင့် အနေအထားရှိသည်ဟု ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်း ရှင်း စင်တာတွင်ကျင်းပသော သန်းခေါင်စာရင်းဆိုင်ရာ အခမ်းအနားတွင် မဇိ္ဈမ၏မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရန် ဖိလစ်ပိုင်အစိုးရက တရားဝင်ခွင့်ပြုပေးထားသော ဆန်စပါးဆိုင်ရာ အဖွဲ့ အစည်းတစ်ခုနှင့် ညှိနှိုင်းနေလျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း၏ ဗဟိုအလုပ် အမှု ဆောင်တစ်ဦးက မတ်လ ၃ ရက်တွင် မဇိ္ဈမကို ပြောသည်။
၎င်းက “ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်လိုအပ်ချက်က ပမဏတစ်ခုအထိ ရှိမယ်။ အဲဒီ ပမာဏကို ထိုင်းကနေ ဘယ်လောက် ၀ယ်မယ်။ ဗီယက်နမ်ကနေ ဘယ်လောက် ၀ယ်မယ်ဆိုပြီးတော့ ခွဲတမ်းချလေ့ ရှိတယ်။ အဲလိုခွဲတမ်းချတာကို အစိုးရကတရားဝင် ခွင့်ပြု ပေးထားတဲ့အဖွဲ့အစည်း တစ်ခုကနေ လိုက်ဝယ်တယ်။ အခုမြန်မာကနေ အဲလိုမျိုးခွဲတမ်းတစ်ခုကို ၀ယ်ဖို့ ဆွေးနွေးနေတယ်” ဟုပြောသည်။
ဆန်တင်ပို့ရာတွင် ဈေးနှုန်းမည်မျှဖြစ်မည်ကို မပြောကြားနိုင်သေးသော်လည်း ခန့်မှန်းခြေအရ လာမည့်နှစ် မိုးစပါးပေါ်ချိန်ခန့်တွင် တင်ပို့နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပိုရန် တရားဝင်နားလည်မှု စာချွန်လွှာ ( Memorandon of Underst anding) စာချုပ်ထားခြင်း မရှိသေးသော်လည်း မူအားဖြင့် သဘောတူညီမှု ရရှိထားသည်။
မြန်မာသမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ဆန်များ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
Mizzima News
Category: , ,
စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ