မြန်မာ့လေကြောင်း၏ ခရီးစဉ်လက်မှတ်များ မတ်လဆန်းမှ စ၍ ရန်ကုန်လေဆိပ်တွင် ရောင်းချမည်

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ့လေကြောင်းလိုင်း (ရုံးချုပ်) တွင်သာမက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပါ ရောင်းချပေးခြင်းသည် ခရီးသွားများ အဆင်ပြေစွာ ခရီး သွားလာနိုင်ရန်နှင့် ပြည်တွင်းခရီးစဉ် ဆက်လက် သွားမည့် ပြည်ပ ခရီးသွားများ ရန်ကုန်ရုံးချုပ်သို့ လာရောက်ရန် မလိုဘဲ လေဆိပ်တွင်ပင် ကြိုတင်လက်မှတ် ဝယ်ယူနိုင်ရန် အတွက်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန သတင်းတာဝန်ခံ ဦးတင်မောင်က ပြောကြားသည်။
“တစ်ရက်ကြိုရော နှစ်ရက်ကြိုရော ဝယ်လို့ရတယ်။ လူကိုယ်တိုင်ရော ဖုန်းဆက် ပြီးတော့ပါ ဝယ်လို့ရတယ်” ဟု ၄င်းက ဆိုသည်။
မြန်မာ့ လေကြောင်းသည် Fokker Friendship F-28 တစ်စင်း၊ ATR-42 တစ်စင်း၊ ATR-72 သုံးစင်း၊ MA-60 တစ်စင်း၊ Embraer 190 AR နှစ်စင်း၊ Cessna Caravan EX နှစ်စင်းနှင့် Beech 1900 D နှစ်စင်းတို့ဖြင့် ပြည်တွင်းခရီးစဉ် ၂၆ ခုကို ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့ လေကြောင်းလိုင်း၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
Category: bcjpnoa, bcjpnob, winnaingoo