ပုဂံဇုန်ဝင်ကြေး ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုမည်

hnm | 火曜日, 3月 04, 2014 |



ကောက်ခံရှိသည့်ဝင်ကြေး၏ ၈၅ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်းပြီး ကျန် ၁၅ ရာခိုင်နှုန်းကို ပုဂံဒေသ ဖွံ့ ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် ပုဂံဇုန်ဝင်ကြေး ကောက်ခံခြင်းကို မြန်မာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (Myanmar Tourism Federation) သို့လွှဲပေးရန် စီစဉ်နေသည်ဟု ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေး ဟောင်းသုတေသန၊ အမျိုးသားပြတိုက်၊ စာကြည့်တိုက်ဦးစီးဌာန၊ ပုဂံမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက မဇိ္ဈမကို ပြောသည်။
ဦးမျိုးဦးက “ပုဂံဇုန်ဝင်ကြေးကို လက်ရှိမှာ ၀န်ကြီးဌာနက ကောက်တဲ့အတွက် ကောက်ခံငွေအားလုံးကို နိုင်ငံတော်အစိုးရကို ပေးသွင်းလိုက်တယ်။ အခု MTF ကို လွှဲဖြစ်တယ်ဆိုရင်တော့ အစိုးရကို ၈၅ ရာခိုင် နှုန်းသွင်းပြီး ကျန်၁၅ ရာခိုင်နှုန်းကိုတော့ ဒေသတိုးတက်ရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ရည်ရွယ်ပြီး လွှဲပေး ဖို့ ညှိနှိုင်းစီစဉ်နေတာပါ” ဟု ပြောသည်။
၂၀၁၃ ခုနှစ်တွင် ဇုန်ဝင်ကြေးကောက်ခံသည့် လုပ်ငန်းတာဝန်အား မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် MTFသို့ လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း အထမြောက်ခြင်း မရှိခဲ့ဘဲ၊ ယခုအကြိမ်တွင် လွှဲပြောင်းပေး နိုင်ရန်အတွက် ထပ်မံစီစဉ် ညှိနှိုင်းနေခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ပုဂံ) ဥက္ကဋ္ဌဦးဇော်ဝင်းချိုက “ဇုန်ဝင်ကြေးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေ ရန်ပုံငွေအဖြစ်သုံးနိုင်ဖို့ အများကြီး မျှော်လင့်တယ်။ ဒေသတွင်းမှာရှိတဲ့လမ်း၊ လျှပ်စစ်မီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့လုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ နောက်တစ်ခုက ခရီးသွားကဏ္ဍတစ်ခု လုံးတိုးတက်လာဖို့ နိုင်ငံတကာမှာသွားပြတဲ့ Travel  Show တွေအတွက် ပုဂံဇုန်ငွေကြေးကနေ ပံ့ပိုးပေး လာနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မဇိ္ဈမကို ပြောသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှစ၍ ပုဂံဇုန် ၀င်ကြေးကို နိုင်ငံခြားခရီးသွား တစ်ဦးလျှင် ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာသို့ တိုးမြှင့်ကောက်ခံခဲ့ပြီး၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ပုဂံသို့လာရောက်သည့် နိုင်ငံ ခြားခရီးသည် စုစုပေါင်း ၁၇,၀၀၀ ကျော် ထိရှိကြောင်းသိရသည်။
ပုဂံရှေးဟောင်းဇုန်ဝင်ကြေးကို ပုဂံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲခြင်းမရှိသည့်အပေါ် ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းနှင့် ပုဂံဒေသခံများက ဝေဖန်ပြောဆိုမှုများ ရှိခဲ့ဖူးသည်ဟု ပုဂံဒေသခံများက ဆိုသည်။

 သီဟကိုကို
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ