VINTAGE LUXURY ရေပေါ်ဟိုတယ်ကို ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ မကြာမီဖွင့်လှစ်ရန် စီစဉ်

hnm | 火曜日, 3月 04, 2014 |


ဗိုလ်တထောင်ဆိပ်ကမ်းတွင် ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ် သင်္ဘောအား ဆင်မလိုက် သင်္ဘောကျင်းတွင် တွေ့ရစဉ်


ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်ကို မကြာမီဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

VINTAGE LUXURY ရေပေါ်ဟိုတယ်တွင် တာဝန်ထမ်းဆောင်မည့် ၀န်ထမ်းများကို ခေါ်ယူပြီးဖြစ်ကာ၊ ယင်းဝန်ထမ်းများအား လေ့ကျင့်ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"ရေပေါ်ဟိုတယ်မှာ တာဝန်ထမ်းဆောင်ဖို့ ၀န်ထမ်းတွေကို ခေါ်ယူမှုအပိုင်းတော့ ပြီးသွားပါပြီ။ လက်ရှိမှာတော့ ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားမှုတွေ လုပ်နေပါတယ်။ မကြာခင် ရေပေါ်ဟိုတယ်ကို ဖွင့်လှစ်နိုင်မှာပါ" ဟု လှလှပပကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိဗိုလ်ထောင် ဆိပ်ကမ်း၌ ရေပေါ်ဟိုတယ် သင်္ဘောဆိုက်ကပ်မည့် ဆိပ်ခံတံတား နှစ်စင်းအား တည်ဆောက်ထားသည်။

ဗိုလ်တထောင်ဆိပ်ကမ်းအား မြစ်လယ်သို့မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆိပ်ကမ်းအမှတ် ၃ ဘောတံတားမှ အမှတ် ၁ ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်အထိ ကမ်းနားတစ်လျှောက် ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းများ ပြုလုပ်ရန် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက သတ်မှတ်ခဲ့သည်။

လှလှပပကုမ္ပဏီက ရေပေါ်ဟိုတယ် ဖွင့်လှစ်ရန် ဖင်လန်နိုင်ငံမှ တန်ချိန် နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘောတစ်စီး ၀ယ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောသည် ၂၀၁၃ ခုနှစ် သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး သင်္ဘောအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ စက်မဲ့သင်္ဘောသည် အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈ ဒသမ ၄ မီတာ၊ ရေစူးနှစ်မီတာနှင့် တန်ချိန်နှစ်ထောင်ကျော်ရှိသည်။

အဆိုပါ ရေပေါ်ဟိုတယ် သင်္ဘောတွင် နှစ်ယောက်ခန်း ၁၀၄ ခန်းပါဝင်ပြီး၊ စားသောက်ခန်း နှစ်ခန်းနှင့် ဘားကောင်တာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


ရွှန်းလဲ့ဝင်း

EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ