လာမည့်ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၂၀ အထိ ချေးငွေနှစ်ဆ တိုးမြှင့်ထုတ်ချေးမည်

hnm | 月曜日, 3月 17, 2014 |



ငွေကြေးထောက်ပံမှုများ ပြုလုပ်ပေးရန် လိုအပ်နေသည့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေအား ယခုဘဏ္ဍာနှစ်တွင် ကျပ် ၁၀ ဘီလျံသာ ထုတ်ချေးပေးခဲ့သော်လည်း လာမည့် ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၂၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်းမှာ ၆၄၀၀၀ ကျော်အထိ ရှိနေပြီး တရားဝင် မှတ်ပုံတင်မှု မရှိသည့် လုပ်ငန်းများမှာ ၆၂၀၀၀ ၀န်းကျင်ခန့်အထိ ရှိနေကြောင်း သိရသည်။

ထိုသို့ တရားဝင် မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၆၄၀၀၀ ကျော်အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ၈ လတာ ကာလအတွင်း အစိုးရအဖွဲ့ ခွင့်ပြုငွေမှာ ကျပ် ၁၀ ဘီလျံအထိ ရှိခဲ့ပြီး အဆိုပါချေးငွေကို ထုတ်ချေးပေးခဲ့ရာတွင်လည်း ပထမအကြိမ် ထုတ်ပေးခဲ့သည့် ကျပ် ၅ ဘီလျံအတွက် လုပ်ငန်းရှင် ၂၄ ဦးနှင့် ဒုတိယအကြိမ် ထုတ်ချေးပေးသည့် ကျပ် ၅ ဘီလျံအတွက် လုပ်ငန်းရှင် ၃၂ ဦးကိုသာ ထုတ်ချေးပေးခဲ့ကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ အကြီးတန်းအကြံပေး ဦးစံသိန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်အထိ ရှိနေသော်လည်း အဆိုပါလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် ချေးငွေ ကျပ် ၁၀ ဘီလျံအား လုပ်ငန်းရှင် ၆၂ ဦးသို့သာ ထုတ်ချေးခဲ့မှုကြောင့် ချေးငွေဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း ဦးစံသိန်းက ဆိုသည်။

လုပ်ငန်းရှင် ၆၂ ဦးအား ငွေထုတ်ချေးရာတွင် ချေးငွေ ကျပ် ၁၀ ဘီလျံအား အချိန် ၈ လအတွင်း ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ငွေထုတ်ချေးရာတွင် လုပ်ငန်းရှင် အနည်းငယ်အတွက်သာ ထုတ်ချေးပေးနေခြင်းအတွက် SME လုပ်ငန်းရှင်များအကြား၌ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ လက်သိပ်ထိုးချေးသကဲ့သို့ ဖြစ်ပေါ်နေမှုများ၊ ဘဏ်များတွင် ငွေအရင်းအနှီးအတွက် မြေများပေါင်နှံရာတွင်လည်း အရေးပေါ်လိုငွေ ဖြစ်သည့်အတွက် ပေါက်ဈေးအပေါ် အဆမတန် နှိမ်ထားသည့်အပြင် ထိုသို့နှိမ်ထားသည့် ဈေးနှုန်း၏ ထက်ဝက်ခန့်သာ မြေပေါင်ခံရသည့်အတွက် ရင်းနှီးငွေ ရှာဖွေရေးဆိုင်ရာ ခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်းလည်း လုပ်ငန်းရှင်များက တစ်ပြေးညီ ပြောကြားနေသည်။

ထိုသို့ စနစ်မကျဖြစ်နေသည့် ငွေထုတ်ချေးမှု ပြဿနာများအား အဖြေရှာနိုင်ရန် လိုအပ်နေပြီး လက်ရှိတွင် ဂျာမဏီနိုင်ငံ အခြေစိုက် GIZ အဖွဲ့အစည်းမှ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား သင်တန်းပေးရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ပြည်တွင်းရှိ အသေးစား အလတ်စား လုပ်ငန်းများအား ချေးငွေထုတ်ချေးပေးရာတွင် အပေါင်ပစ္စည်း တင်ပြရခြင်း၊ ချေးငွေထုတ်ချေးခွင့် တင်ပြသည့် လုပ်ငန်းမှာ အမှန်တကယ် တိုးတက်မှု၊ အောင်မြင်နိုင်မှု ရှိမရှိ စသည့်အချက်အလက်များအား စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနထံ တင်ပြရန်လိုအပ်ပြီး ယင်းဌာနမှ စိစစ်ကာ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ငွေထုတ်ချေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် ဘဏ်ချေးငွေ အတိုးနှုန်းအား ၈ ဒသမ ၅၀ ကျပ်နှုန်းဖြင့် ထုတ်ချေးပေးပြီး အဆိုပါ ပမာဏများပြားနေဆဲဟု ဆိုသော်လည်း ထိုကဲ့သို့ ချေးငွေထုတ်ချေးပေးနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်မှ ၈ ဒသမ၂၅ ကျပ် အတိုးနှုန်းဖြင့် ရယူရခြင်းဖြစ်ကာ အာဆီယံနိုင်ငံများအတွင်း များပြားခြင်းမရှိသည့် အတိုးနှုန်းသာဖြစ်ကြောင်း အသေးစားအလတ်စား လုပ်ငန်းများဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ထားသည်။


ဖြိုးဝေ
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ