မြန်မာ့မီးရထားရုံးချုပ်အဟောင်းအား ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဆောင်ရွက်ရန် မြန်မာ့ မီးရထား နှင့် SPA နှစ်(၃၀) B.O.T စာချုပ်ချုပ်ဆိုထားခဲ့

B.O.T စာချုပ် သက်တမ်းအရ ယခုအခါ (၁၅)နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရန် သက်တမ်း (၁၅)နှစ်ခန့် ကျန်ရှိသည်ဟု ထင်ကြောင်း၊ ပြီးခဲ့သည့် နှစ်ကာလများက SPA မှ မြန်မာ့မီးရထားသို့ မြေငှားရမ်းခများအပါအဝင် ပေးရန် အရပ်ရပ်ငွေများ ပေးသွင်းခဲ့ခြင်းမရှိသဖြင့် မြန်မာ့မီးရထားက တရားစွဲဆိုခဲ့ရာ တရားမကြောင်းအရ နှစ်ဘက်တရားရင်ဆိုင် ဖြေရှင်းခဲ့ရကြောင်း၊ ယခုအခါ SPA အနေဖြင့် မြန်မာ့မီးရထားသို့ ပေးရန်ရှိသည့် ငွေကြေးများကို ပေးချေပြီးဖြစ်သည်ဟု ကြားသိရပါကြောင်း၊ မူလစာချုပ်စည်းကမ်းအရ ယင်းရှေးဟောင်း အဆောက်အအုံအား ၎င်းကုပ္မဏီအနေဖြင့် လိုအပ်သည့် မွန်းမံထိန်းသိမ်းမှုများ ပြုလုပ်၍ နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ ရုံးခန်း၊ ပြတိုက်၊ ယာဉ်ရပ်နားစခန်းများ ပါဝင်သည့် လုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် (၁၅)နှစ်ခန့် ဆက်လက်လုပ်ကိုင်ခွင့် ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ ရုံးချုပ်အဟောင်းအား ဟိုတယ်အဖြစ် ပြုပြင်မွမ်းမံမည့် အစီအစဉ်နှင့် ပတ်သက်၍ ဦးကျော်ကျော်မျိုးက ရှင်းပြသည်။
ဆက်လက်ပြီး၎င်းက ရင်းနှီးမြုပ်နှံမှုကာလ တိုးမြှင့်သတ်မှတ်ပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြထားသည်ဟု ကြားသိရပြီး ဆိုင်ရာဌာနများက လိုအပ်သည့် စိစစ်မှုများ ပြုလုပ်နေဆဲ အခြေအနေဖြစ်ကြောင်း အတိအကျ သိလိုပါက နေပြည်တော်၊ မြန်မာ့မီးရထား(ရုံးချုပ်)သို့ မေးမြန်းနိုင်ကြောင်း ပြောသည်။
အဆိုပါ မြန်မာ့မီးရထား၊ ရုံးချုပ်အဟောင်း အဆောက်အဦသည် ၁၉၀၈ ခုနှစ်က ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။



