ကျောင်းပြင်ပ အလယ်တန်းပညာရေးအဆင့် သင်ရိုးညွှန်းတမ်းများ ပြုစုပြီးစီး၊ သင်ကြားရေးအစီအစဉ်များ စီမံခန့်ခွဲပြီးပါက စတင်ကြားနိုင်မည်

hnm | 火曜日, 3月 04, 2014 |


မင်္ဂလာဒုံမြို့နယ်ရှိ ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဖြင့် သင်ကြားနေသည်ကို တွေ့ရစဉ်


အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာ မသင်ကြားနိုင်သည့်ကလေးများ အခြေခံပညာ သင်ယူခွင့်ရရှိနိုင်ရေး မြို့နယ်အဆင့်အလိုက် စတင်အကောင်အထည်ဖော် သင်ကြားနိုင်ရန်အတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေးအဆင့် သင်ရိုးညွှန်းတမ်းအား ပြုစုပြီးစီးနေကြောင်း သိရသည်။

အဆိုပါ ကျောင်းပြင်ပအလယ်တန်း ပညာရေးသင်ရိုးညွှန်းတမ်းများအား ပညာရေးဝန်ကြီးဌာနနှင့် UNECSO တို့ ပူးပေါင်းပြီး ၂၀၁၃ခုနှစ်သြဂုတ်လမှ စတင်ရေးဆွဲနေခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာ ဆက်လက်မသင်ယူနိုင်ဘဲ ကျောင်းပြင်ပရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာနနှင့် UNECSO တို့ပူးပေါင်းကာ ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းတွင်ပါဝင်မည့် သင်ရိုးစာသားများ၊ စာအုပ်စာတမ်းများပြုစုနေပြီး အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့်နည်းတူ တန်းညှိစနစ်ဖြင့် ရေးဆွဲနေပြီး သင်ကြားရေးအစီအစဉ်များ စီမံခန့်ခွဲပြီးပါက စတင်အကောင်အထည်ဖော် သင်ကြားမည်ဖြစ်သည်။

"ကျောင်းပြင်ပ အလယ်တန်းပညာရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကတော့ ပြီးသွားပါပြီ။ သင်ကြားမယ့်ကျောင်းသုံးစာအုပ်တွေနဲ့ ဒီကျောင်းတွေကို စီမံခန့်ခွဲနိုင်မယ့် အစီအစဉ်တွေ အဆုံးသတ်ပြီးတာနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်" ဟု ကျောင်းပြင်ပ ပညာရေးအစီအစဉ်မှ အဖွဲ့ဝင် ဦးတင်ညိုက ဆိုသည်။

ကျောင်းပြင်ပ ပညာရေးအား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ သင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၈၀၀၀ ကျော်ရှိခဲ့ပြီး ဆင့်ကဲအတန်းများအလိုက် ပဉ္စမတန်းတွင် ၈၄၇ ဦး၊ ဆဋ္ဌမတန်းတွင် ၃၅၂ ဦး၊ သတ္တမတန်းတွင် ၉၉ ဦး၊ အဋ္ဌမတန်းတွင် ၂၄ ဦးနှင့် န၀မတန်းတွင် ကိုးဦး တက်ရောက်သင်ကြားနေသည်။ ထို့ပြင် လာမည့်ပညာသင်နှစ်အတွက် မြို့နယ်ပေါင်း ၅၀ ကျော်တွင် ထပ်မံတိုးချဲ့မည်ဖြစ်ပြီး လိုအပ်သည့် မြို့နယ်အလိုက် သင်ကြားရေးစခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုးအောင်

EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ