ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းနှင့် ကွမ်းခြံကုန်းမြို့နယ်များအတွင်း ဒီရေတောများ ထိန်းသိမ်းနိုင်ရန် ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိ

hnm | 土曜日, 3月 15, 2014 |


ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဓနိတောများကို တွေ့ရစဉ်။


ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များအတွင်း ကမ်းတက်မြေများ၌ ဖြစ်ထွန်းလာသည့် ဒီရေတောများ ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပြင်ကာကွယ်တော ဧရိယာ ဧက ၃၀၀၀ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ပင်လယ်နှင့် ဆက်စပ်နေသော်လည်း ဒီရေတောများအား ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရှိရဘဲ ပင်လယ်ရေ၀င်သော မြစ်ချောင်းကမ်းပါးများ၌သာ တွေ့ရှိရပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင်၍ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွမြို့နယ်များ၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကမ်းတက်မြေများ ပေါ်ထွန်းခဲ့ပြီး အဆိုပါမြေများ၌ ဒီရေတောများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် အဏ္ဏ၀ါဂေဟ စနစ်များအကြား ဆက်စပ်ပေးသည့် နေရာများတွင် ရပ်တည်လျက်ရှိပြီး ကုန်းနေရေနေ သတ္တ၀ါများနှင့် အပင်များနှစ်မျိုးလုံး ရပ်တည်ရှင်သန်နိုင်သည့် ဂေဟစနစ်ဖြစ်၍ မြေအသုံးချမှု ပြောင်းလဲပြီးပါက ပြန်လည်ထူထောင်ရန် ခက်ခဲသည့် ဂေဟစနစ် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဒီရေတော တည်ရှိသည့် နိုင်ငံများတွင် သတ္တမမြောက် ဧရိယာအများဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် တိုင်းတာရရှိမှုများအရ ဒီရေတောဖုံးလွှမ်းမှု ဧရိယာမှာ တစ်သန်းနှစ်သိန်းခန့်ရှိကြောင်း ၊ မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ပင်လယ်ရေ၀င်သော နေရာများတွင်သာ ဒီရေတော သစ်တောကြီးများရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနအနေဖြင့် ၂၀၁၄ခု နှစ် မတ် ၃၁ ရက်တွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ကြေညာထားပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲ နေမှုများကို ထိန်းသိမ်းကာကွယ်ရန်အတွက် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

EMG

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ