အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်၊ မဇ္ဈိမမီဒီယာဂရုနှင့် ရန်ကုန်မီဒီယာဂရုတို့အကြား အမျိုးသားမီဒီယာပါတနာအဖြစ် နားလည်မှုစာချွန်လွှာထိုး

hnm | 土曜日, 3月 15, 2014 |


အမျိုးသားစီမံခန့်ခွဲမှုကောလိပ် (NMC)နှင့် မဇ္ဈိမမီဒီယာဂရု၊ ရန်ကုန်မီဒီယာဂရုတို့ကြား မတ်လ ၁၄ရက်က NMCမှ
စာနယ်ဇင်းပညာသင်ကြားပို့ချနေသည့် ဆရာ/ဆရာမများကို နွေရာသီလုပ်ငန်းခွင်သင်တန်းပေးမည့် အစီအစဉ်အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်၏ သတင်းစာပညာဆိုင်ရာ ဆရာများအတွက် နွေရာသီ အလုပ်ခွင်သင်တန်း ပေးမည့် အစီအစဉ်အတွက် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်နှင့် မဇ္ဈိမမီဒီယာဂရု၊ ရန်ကုန်မီဒီယာဂရုတို့ကြား အမျိုးသားမီဒီယာပါတနာများ (National Media Parters)အဖြစ် နားလည်မှု စာချွန်လွှာကို မတ်လ ၁၄ရက်က ရေးထိုက်လိုက်သည်။
ထိုနားလည်မှု စာချွန်လွှာအရ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်မှ စာနယ်ဇင်းပညာ သင်ကြားပို့ချနေသည့် ကထိကများ၊ ကျူတာများ ရွေးချယ်ကာ မိတ်ဖက်အဖွဲ့အစည်းများ၏ သတင်းလုပ်ငန်းစဉ်များကို လက်တွေ့ ကွင်းဆင်း လေ့လာမည်ဖြစ်သည်။ National Media Parters များ အနေဖြင့်လည်း အမျိုးသားစီမံခန့်ခွဲမှုကောလိပ်နှင့် သဘောတူထားသည့် လုပ်ငန်းခွင်သင်တန်း အစီအစဉ်များကို အခမဲ့ အကောင်အထည် ဖော်ပေးရမည်ဖြစ်သည်။
အမျိုးသားစီမံခန့်ခွဲမှုကောလိပ်(NMC)မှ သတင်းစာပညာကို သင်ကြားပို့ချပေးနေသော ဆရာ/ဆရာမများ အနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီလာရေး၊ ပညာရပ်ဆိုင်ရာ သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်ရေးအတွက် လုပ်ငန်းခွင့် အတွေ့အကြုံ လိုအပ်သဖြင့် နွေရာသီ အလုပ်ခွင်သင်တန်းကို
စီစဉ်ခြင်းဖြစ်သည်။
ထို့ပြင် စာနယ်ဇင်းပညာရပ်ကို သင်ကြားပို့ချနေသည့် ဆရာ/ဆရာမများအနေဖြင့် သတင်းရယူခြင်းမှအစ၊ ပုံနှိပ်မီဒီယာ၊ အသံလွှင့်မီဒီယာ၊ အွန်လိုင်းမီဒီယာ စသည်ဖြင့် အမျိုးမျိုးသော မီဒီယာများတွင် သတင်းထုပ်လုပ်မှု၊ မီဒီယာလုပ်ငန်းများ လုပ်ကိုင်နေပုံများကို လေ့လာသင်ကြားရန်အတွက်လည်း ဖြစ်သည်။
ထိုအစီအစဉ်သည် အချိန်ကာလ အများဆုံး တစ်လကြာမြင့်မည်ဖြစ်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ သတင်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု နိုင်ငံတကာ အစီအစဉ်(IPDC)နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသော "ပညာရေးဝန်ကြီးဌာန၊ အမျိုးသား စီမံခန့်ခွဲရေး ကောလိပ် စာနယ်ဇင်း ပညာဌာန၏
စွမ်းရည်တည်ဆောက်ရေး စီမံကိန်း"၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် နည်းလည်မှု စာချွန်လွှာကို အမျိုးသားစီမံခန့်ခွဲမှု ကော်လိပ်မှ ပါမောက္ခချုပ် ဒေါက်တာသန်းဝင်း၊ စာနယ်ဇင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ Margaret Wongတို့နှင့် မဇ္ဈိမမီဒီယာဂရု၏ အယ်ဒီတာချုပ် ဦးစိုးမြင့်၊ ရန်ကုန်မီဒီယာဂရု၏ ဥက္ကဋ္ဌ ဦးကိုကိုတို့က မတ်လ ၁၄ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ရန်ကုန် (မဇ္ဈိမ)

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ