ပုဏ္ဍားကျွန်းမြို့နယ် ANP ရုံးဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲနှင့် မြို့နယ်ကော်မီတီ ဖွဲ့စည်းမူတို့ ပြုလုပ်

hnm | 水曜日, 4月 09, 2014 |



ရခိုင်အမျိုးသား ပါတီ ( ANP) ၏ အမာခံ နယ်မြေ တစ်ခုဖြစ်သော ပုဏ္ဍားကျွန်းမြို့တွင် မြို့နယ်ရုံးဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲနှင့် မြို့နယ် ကော်မီတီ ရွှေးချယ်တင်မြှောက်ပွဲကို ဧပြီလ ၇ ရက်နေ့က ပြုလုပ်ခဲ့သည်။
ပထမဆုံးအနေဖြင့် မြို့နယ်ရုံးဆိုင်းဘုတ်တင်ပွဲကို နံနက် ၉ နာရီ အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး  ရခိုင်စည်တော်များ တီးခတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်ဟု မြို့နယ် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစံရွှေကျော်က နိရဉ္စရာသို့ ပြောသည်။
“ ဆိုင်းဘုတ်တင်ပွဲကို ပထမဆုံး ပြုလုပ်ပါတယ်။ ရခိုင်စည်တော်တွေကိုလည်း တီးခတ်ပါတယ်။ အခမ်းအနားမှာ ပထမဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကားပြောပါတယ်။ ဒုတိယ အနေနဲ့ ရခိုင်ပြည်နယ် ၀န်ကြီး တစ်ဦးဖြစ်တဲ့ ဦးအောင်သန်းတင်က ပြောပါတယ်။ တတိယ အနေနဲ့တော့ ပါတီ ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် ဦးစံကျော်လှမှ အဖွင့်အမှာစကားပြောပါတယ်။ ၉ နာရီ ၄၅ မိနစ်မှာတော့ ဆိုင်းဘုတ်တင်ပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်” ဟု ဆိုသည်။
ယင်းနောက်တွင် ပုဏ္ဍားကျွန်းမြို့နယ် ရုံးဖွင့်ပွဲကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး လူထု ပရိသတ် ၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပုဏ္ဍားကျွန်းမြို့နယ် ကော်မီတီကိုလည်း အဖွဲ့ဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး (ပ) ခေါင်းဆောင် အဖြစ် ဦးဦးသန်းမောင်၊ (ဒု) ခေါင်းဆောင် အဖြစ် ဦးအောင်သန်းနှင့် ထိပ်တန်း ခေါင်းဆောင်များအဖြစ် ဦးစံရွှေကျော်၊ ဦးမောင်နှောင်း၊ ဦးလှအောင်သာ စသူတို့ကိုလည်း ရွှေးချယ်ခဲ့ကြောင်း သိရသည်။

နိရဉ္စရာ

Category: , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ