ပြည်ပမှ ၀ိုင်တင်သွင်းခွင့် စနစ်တကျ ဆောင်ရွက်နိုင်ရန် အပါအ၀င် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ဆောင်ရွက်ချက်များကို ထုတ်ပြန်

hnm | 水曜日, 4月 09, 2014 |


ပြည်တွင်းဟိုတယ်ကြီး တစ်ခုတွင် နိုင်ငံခြားဖြစ်ဝိုင်များ မိတ်ဆက်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)


ပြည်ပမှ ၀ိုင်တင်သွင်းခွင့် စနစ်တကျ ဆောင်ရွက်နိုင်ရန် အပါအ၀င် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ဆောင်ရွက်ချက်များကို ထုတ်ပြန်ခဲ့သည်။

ဝိုင်တင်သွင်းခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းများအား ပြုစုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ထုတ်ပြန်ခဲ့သည်။

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင် ထုတ်ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်၊ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းစနစ်အား Online စနစ်ဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ စမ်းသပ်အသုံးပြုလျက်ရှိကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများမှ ၎င်းတို့လုပ်ငန်းနှင့် ဆက်စပ်သောပစ္စည်းများ တင်သွင်း/တင်ပို့ခွင့် ပြုနိုင်ရေးအတွက် ထုတ်ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရယူရန်မလိုဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ စက်သုံးဆီတင်သွင်းမှုကို ရန်ကုန်ဆိပ်ကမ်းအပြင် မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ အစရှိသည့် ဆိပ်ကမ်းများမှလည်း တင်သွင်းခွင့်ပြုခဲ့မှုများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စားအုန်းဆီ တင်သွင်းခြင်းကို တန်ချိန်သတ်မှတ်ထားခြင်း မပြုတော့ဘဲ တင်သွင်းခွင့်ပြုခြင်း၊ ငွေလဲနှုန်း တည်ငြိမ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နေ့စဉ်ငွေလဲနှုန်းများ၊ အပတ်စဉ်ငွေလဲနှုန်းများ ရယူ၍ စုဆောင်းပြီး နေ့စဉ်ပုံမှန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသို့ ပေးပို့ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကဏ္ဍ အသီးသီးအ ကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှု ပိုမိုလျင်မြန် ထိရောက်စေရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည့် အစိုးရအဖွဲ့ ဆပ်ကော်မတီများအား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းရာတွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ အပါအ၀င် ဆပ်ကော်မတီ ၂၇ ခုကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


မင်းသီဟဇော်

EMG

Category: , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ