တရားမဝင် ရွှေတူးလုပ်ငန်းကိစ္စ ကချင်ပြည်နယ် လွှတ်တော်ဆွေးနွေး

ဧပြီလ ၇ ရက်နေ့က ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေး ကို တွေ့ရစဉ် photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ အထက် ၃ မိုင်အကွာမှာရှိတဲ့ တရားမ၀င် ရွှေတူးဖေါ်တဲ့ လုပ်ငန်းတွေကြောင့် အနီးအနားကကျေးရွာ ၂၀ လောက် မှာ သီးနှံစိုက်ခင်းတွေ ပျက်စီးနေရတဲ့အတွက် ကချင်ပြည်နယ် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့အဆိုကို ကချင်ပြည်နယ် လွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ကြ ပါတယ်။
ရွှေတူးလုပ်ငန်းတွေကြောင့် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဖက်ကမ်းက မန်မလင်း၊ ရေလဲ၊ နောင်ကာစတဲ့ ကျေးရွာပေါင်း ၂၀ လောက်က သီးနှံတွေပျက်စီးနေ ရတဲ့အကြောင်း အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ဗန်းမော်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဆွေက RFA ကို အခုလို ပြောပါတယ်။
"ရွှေတူးတယ်ဆိုတော့ အနက်ကြီးတူးလို က်တာ ရေရောက်တဲ့အထိ တူးလိုက်တဲ့အခါ မှာ မြစ်ကြမ်းပြင်ဟာ နိမ့်ဆင်းသွားနိုင်တယ်၊ သဲသောင်တွေကာလိုက်တဲ့အခါ ရေအပေါက်က ပိုမိုမလာဘူးလေ၊ ဧရာဝတီမြစ်ကြီးက ဟိုဘက်အနောက်ဆုံး ထိုးချလာပြီးမှ မန်မလင်း၊ ရေလဲ၊ နောင်ကာရွာတွေ သူတို့ရဲ့စိုက်ပျိုးမြေတွေ ရွာမြေတွေကို တိုက်စားသွားတယ်၊ ဗန်းမော်အတွက် သွားရေးလာရေးခက်သွားမယ်၊ ဒေသခံတွေတင်ပြချက်ကြောင့် အရေးကြီးအဆိုကို တင်ပြရခြင်းဖြစ်ပါတယ်"
ပြည်နယ်လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ဒီမြစ်ကြောင်းရှင်းလင်းရေး လုပ်ငန်းတွေအားလုံးဟာ ပို့ဆောင်ရေးဝန်ကြီးဌာနက လုပ်ရတဲ့ဟာတွေ၊ ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းဖွံ့ဖြိုးရေးဌာနကပေါ့လေ၊ အဲဒါတွေကို သူတို့ကကွင်းဆင်းခိုင်း အဲဒီအပေါ်ပညာရှင်တွေက ပြောတဲ့အပေါ်မူတည်ပြီးတော့မှ လုပ်ပေးနိုင်မှာ"
ဒီအဆိုနဲ့ပတ်သက်ပြီး ဒီကနေ့ကျင်းပမယ့် ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

RFA