သန်းခေါင်စာရင်းကောက်ယူမှု ရာခိုင်နှုန်း ၈၀ ခန့်ပြီးစီးချိန်တွင် အိမ်ထောင်စု ရှစ်သန်းကျော် စာရင်းကောက်ယူရရှိ

hnm | 火曜日, 4月 08, 2014 |



သန်းခေါင်စာရင်း ကောက်ယူမှု ရာခိုင်နှုန်း ၈၀ ခန့်ပြီးစီးချိန်တွင် အိမ်ထောင်စု ရှစ်သန်းကျော် စာရင်းကောက်ယူရရှိခဲ့ကြောင်း ဧပြီ ၈ရက်က ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး၌ မတ် ၃၀ ရက်က စတင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဧပြီ ၄ ရက်အထိ ခြောက်ရက်တာအတွင်း စာရင်းကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စုအရေအတွက်မှာ ၈၀၆၈၀၈၉ စုဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ ၇၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်ဟု ဗဟိုသန်းခေါင်စာရင်းက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အလိုက် လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းမှာ ကချင်ပြည်နယ်တွင် ရာခိုင်နှုန်း ၇၀ ကျော်၊ ကယားပြည်နယ်တွင် ရာခိုင်နှုန်း ၇၀ ကျော်၊ ကရင်ပြည်နယ်တွင် ၇၂ ရာခိုင်နှုန်းကျော်၊ ချင်းပြည်နယ်တွင် ၆၉ ရာခိုင်နှုန်းကျော်၊ မွန်ပြည်နယ်တွင် ၇၇ ရာခိုင်နှုန်းကျော်၊ ရခိုင်ပြည်နယ်တွင် ၆၃ ရာခိုင်နှုန်းကျော်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၈၁ ရာခိုင်နှုန်းကျော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၇၉ ရာခိုင်နှုန်းကျော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၇၃ ရာခိုင်နှုန်းကျော် ကောက်ယူပြီးဖြစ်သည်။

ထို့ပြင် တိုင်းဒေသကြီးအလိုက် လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းများမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရာခိုင်နှုန်း ၈၀၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရာခိုင်နှုန်း ၈၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် ရာခိုင်နှုန်း ၈၀၊ မကွေးတိုင်းဒေသကြီးတွင် ၇၆ ရာခိုင်နှုန်းကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၂ ရာခိုင်နှုန်းကျော်၊ ရန်ကုန်တိုင်းတွင် ၈၄ ရာခိုင်နှုန်းကျော်၊ ဧရာဝတီတိုင်းတွင် ၇၃ ရာခိုင်နှုန်းကျော်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် ရာခိုင်နှုန်း ၈၀ ကျော် ကောက်ယူပြီးစီးနေပြီဖြစ်သည်။

EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ