ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ အခွန်ရငွေမှ အကျိုးခံစားခွင့် ရရှိမည်

hnm | 火曜日, 4月 08, 2014 |



အခွန်ရှောင်သူများအား ပိုမိုကြပ်မတ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များကို အခွန်ရငွေအပေါ် အချိုးတစ်ခုဖြင့် သတ်မှတ်ခွဲဝေ ခံစားခွင့်ပြုသွားမည်ဖြစ်သည်ဟု ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွဋ်က မီဒီယာများကို ပြောသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကုန်သွယ်လုပ်ငန်းခွန်၊ ကုမ္ပဏီများဝင်ငွေခွန်နှင့် တစ်ဦးချင်းဝင်ငွေခွန် တိမ်းရှောင်သူများ လျော့ကျလာရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များသည် မိမိတို့တိုင်းဒေသ အသီးသီးမှ ရရှိသည့်အခွန်များအပေါ်တွင် အချိုးတစ်ခုသတ်မှတ်ကာ အစိုးရအဖွဲ့အသုံးစရိတ်အဖြစ် ပြန်လည်ရရှိမည့် အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်ဘဏ္ဍာနှစ်အတွက် အခွန်အများဆုံးထမ်းဆောင်ခဲ့သူ ၁၀၀ ဦးအား ဂုဏ်ပြု ချီးမြင့်မှုကို ဧပြီ ၇ ရက်က ရန်ကုန်မြို့ရှိ၊ မြန်မာကွန်ဗေးရှင်းစင်တာ (MCC)ခန်းမတွင် ကျင်းပခဲ့ရာ ယင်း အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။
ဦးသိန်းထွဋ်က “ပြည်တွင်းအခွန်တစ်ခုတည်းမဟုတ်ပဲ အခွန်အရပ်ရပ်အတွက်ကို ပြည်နယ်နှင့်တိုင်းဒေ သကြီးအလိုက် အခွန်ရရှိမှုကနေ ရာခိုင်နှုန်းအချိုးတစ်ခုနဲ့ အစိုးရအသုံးစရိတ်အဖြစ် ပေးလိုက်မှာဖြစ်ပါ တယ်။ အဲဒီအတွက် အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ရဲ့ အခွန်ဥပဒေမှာ ထည့်သွင်းရေးဆွဲထားပြီးလဲဖြစ်ပါ တယ်”ဟု ပြောသည်။
ထိုသို့ အခွန်ရငွေအား အချိုးခွဲဝေပေးခြင်းဖြင့် အခွန်တိမ်းရှောင်သူများကို စီစစ်ကြပ်မတ်ရာတွင် ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ပါဝင်ပူးပေါင်းမှု ပိုမိုလာရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှု GDP အချိုးသည် အာဆီယံဒေသတွင်းနိုင်ငံများတွင်ပင် အနိမ့်ဆုံးဖြစ်နေပြီး ၀င်ငွေအများအပြားရရှိကာ အခွန်မဆောင်သည့် ကုမ္ပဏီအများအပြားရှိနေရာ တိကျစွာ အရေးယူမှုများကို ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်ဟု အခွန်ကောက်ခံမှု စီစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌသူရဦးသောင်းလွင်က အဆိုပါအခမ်းအနားတွင်ပင် ပြောခဲ့ခြင်းဖြစ်သည်။
သူရဦးသောင်းလွင်က “၀င်ငွေအများအပြားရှိပေမယ့် အခွန်မဆောင်မှုတွေ အများအပြားရှိနေပြီး အရေးမယူတဲ့အတွက် တကယ်အခွန်ဆောင်ပြီး လုပ်ကိုင်တဲ့သူတွေအတွက် နစ်နာပါတယ်။ အဲဒါကြောင့်အရေး ယူမှုတွေကို ကြီးငယ်မခွဲခြားပဲ တိကျပြတ်သားစွာ ဆောင်ရွက်မှသာ တကယ်အခွန်ဆောင်ရတဲ့သူတွေ အတွက် မျှတာမှာပါ”ဟု ပြောသည်။
မြန်မာနိုင်ငံ အခွန်ကောက်ခံရရှိမှု Tax GDP အချိုးသည် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ခုနစ်ရာခိုင် နှုန်းခန့်သာ ရှိခြင်းဖြစ်သော်လည်း ကမ္ဘောဒီးယားနိုင်ငံတွင် ရှစ်ရာခိုင်နှုန်း၊ လာအိုနိုင်ငံတွင် ၁၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၇ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံတွင် ၁၅ ရာခိုင်နှုန်း အသီးသီး ရှိခြင်းဖြစ်သည်ဟု သူရ ဦးသောင်းလွင်က ဆက်လက်ပြောသည်။
ထို့အတူ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်ကာ အခွန်ကောက်ခံမှုစည်းမျဉ်းများကိုလဲ အခွန်ထမ်း ကိုယ်တိုင်အနေဖြင့် မိမိပေးဆောင်ရမည့် ကျသင့်အခွန်နှုန်းထားကို တွက်ချက်ပေးဆောင်ရမည့်စနစ်သို့ ကူးပြောင်းဆောင်ရွက် သွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဆိုပါပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က “အခုဆိုရင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဖွင့်လှစ်ထားပြီး ဖြစ် ပါတယ်။ အဲဒီမှာ အခွန်ထမ်းကိုယ်တိုင်က မိမိပေးဆောင်ရမယ့် အခွန်ငွေတွက်ချက်ပြီး ကျသင့်အခွန်ကို ပေးဆောင်တဲ့စနစ်ကို အကောင်အထည်ဖော်သွားမှာပါ”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃ အတွက် အခွန်စည်းကြပ်နှစ်) အခွန်ရငွေ စုစုပေါင်း၏ ရှေ့ပြေး စာရင်းများအရ ကျပ်ငွေ ၃၄၂၀ ဒသမ ၇၅၄ ဘီလီယံ ရရှိထားခဲ့သော်လည်း အခွန်ပေးဆောင်ရန် ကျန်ရှိသည့်ကုမ္ပဏီ ရှစ်ထောင်ကျော်ရှိနေသေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 ထင်လင်းအောင်
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ