ရှမ်းပြည်နယ်အတွင်းမှ ထွက်ရှိသည့် ဘိန်းများကို တရုတ်မူးယစ် မှောင်ခိုဂိုဏ်းများက ရာခိုင်နှုန်း ၇၀ ၀ယ်ယူ၍ ရာခိုင်နှုန်း ၃၀ မှာ ထိုင်းမူးယစ်ဂိုဏ်းများမှ ၀ယ်ယူ

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးထားသည့် ဘိန်းခင်းများအား ဖျက်ဆီးနေမှုကို တွေ့ရစဉ်
ရှမ်းပြည်နယ်အတွင်း ထွက်ရှိသည့် ဘိန်းများကို တရုတ်နိုင်ငံရှိ မူးယစ်မှောင်ခိုဂိုဏ်းများက ရာခိုင်နှုန်း ၇၀ ၀ယ်ယူပြီး ရာခိုင်နှုန်း ၃၀ မှာ ထိုင်းမူးယစ်ဂိုဏ်များက ၀ယ်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့မှ ရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာနှင့် ပူးပေါင်း၍ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိသော်လည်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ လျော့နည်းသွားခြင်း မရှိသေးကြောင်း သိရသည်။
"ရှမ်းပြည်မှာထွက်တဲ့ဘိန်း ရာခိုင်နှုန်း ၇၀ က တရုတ်ကိုဝင်တယ်။ ၀ယ်လက်တွေကတစ်ဆင့် ဘိန်းခင်းတွေ အထိကို လိုက်ဝယ်တဲ့သူတွေရှိတယ်။ ဘိန်းချက်တဲ့နေရာတွေကို ပို့ပေးတယ်။ ဘိန်းဖြစ်သွားတာနဲ့ တရုတ်ကို ပို့ပေးကြတယ်" ဟု မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့မှ ရဲမှူးကြီးဇော်လင်းထွန်းက ထပ်မံပြောကြားသည်။
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ပြီးခဲ့သည့်နှစ်ထက် ၂၆ ရာခိုင်နှုန်း ပိုမိုစိုက်ပျိုး ထုတ်လုပ်ခဲ့ကြောင်း UNODC ၏ အစီအရင်ခံစာအရ သိရသည်။
ဘိန်းကို အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ရှမ်းပြည်နယ်အတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေသော်လည်း လက်ရှိအချိန်အထိ တရုတ်နိုင်ငံနှင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ဆွေးနွေးဆဲကာလ အဆင့်တွင်သာ ရှိကြောင်း သိရှိရသည်။
"တရုတ်နိုင်ငံနဲ့တော့ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ဖို့ အခုနှစ်မှာ ဆွေးနွေးနေတုန်းပဲ။ ဘယ်နေရာတွေမှာ အစားထိုးလုပ်ငန်း လုပ်ဖို့အတွက် နေရာတွေ အကြမ်းဖြင့် သတ်မှတ်ထားတယ်။ အစီအစဉ်တော့ရှိတယ်။ လုပ်တော့လုပ်မှာပါ" ဟု မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့မှ ရဲမှူးကြီးဇော်လင်းထွန်းက ဆက်လက်ပြောကြားသည်။
ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသများတွင် ရဲတပ်ဖွဲ့အင်အားများကို တိုးချဲ့ကာ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယားနိုင်ငံနှင့် ဒေသတွင်း မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ လေးသန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီရမိခဲ့ပြီး ယင်းမူးယစ်ဆေးဝါးများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးမင်းထက်၊ တိုးဝေဖြိုး
EMG
Category: bcjpnoa, bcjpnob, News, winnaingoo



