ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဧပြီ ၂၃ ရက် စတင်မည်

ယခုလွှတ်တော်အစည်းအဝေးသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအသုံးစရိတ်များနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ဧပြီ ၁ ရက်မှ စတင်ခဲ့သောကြောင့် ဧပြီ ၂၃ ရက်မှ ဘတ်ဂျက်ကို တင်သွင်းခြင်းကိစ္စမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကဆိုသည်။
"ဘတ်ဂျက်ကိုစသုံးတာက ဧပြီ ၁ ရက်ကတည်းက ဒါကိုဧပြီ ၂၃ ရက်မှ တင်မှာဆိုတော့ ဒီကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘယ်လိုဥပဒေမျိုးတွေနဲ့ သုံးသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်" ဟု ဒေါက်တာညိုညိုသင်းက သုံးသပ်ခဲ့သည်။
ယခုအစည်းအဝေးတွင် တန်ဖိုးနည်းအိမ်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်သည့်အဆိုများကို တင်သွင်းသွားရန်ရှိသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက်အထိပြုလုပ်ခဲ့ပြီး လွှတ်တော်အစည်းအဝေး မပြုလုပ်နိုင်သည်မှာ လေးလခန့်ကြာမြင့်နေပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်အတည်ပြုလိုမှသာ လွှတ်တော်ခေါ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ကြသည်။
EMG
Category: bcjpnoa, bcjpnob, News, winnaingoo



