၂၀၁၄ ခုနှစ် သုံးလတာအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်အရေအတွက် ၄၈ လုံးနှင့် အခန်းပေါင်း ၃၇၀၂၄ ခန်း ထပ်မံဖွင့်လှစ်လာနိုင်မည်

ချင်းပြည်နယ်ရှိ ဆောက်လက်စ ဟိုတယ်တစ်လုံးအား ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
၂၀၁၄ ခုနှစ် သုံးလတာအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်အလုံးပေါင်း ၄၈ လုံးနှင့် အခန်းပေါင်း ၃၇၀၂၄ ခန်း ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
ယခင်နှစ်က ဟိုတယ်အလုံး အရေအတွက် ၉၂၃ လုံးရှိခဲ့ကာ ဟိုတယ်အခန်း အရေအတွက်မှာလည်း ၃၀၀၀၀ ကျော် ရှိခဲ့သည်။ အဆိုပါ ဟိုတယ်အရေအတွက်မှာ ဟိုတယ် ၇၈၇ လုံးသာ ရှိခဲ့သည့် ၂၀၁၂ ခုနှစ်ထက် များပြားလာခဲ့သော်လည်း အချို့သော ဒေသများတွင် ဟိုတယ်အခန်း လိုအပ်ချက်များ ရှိနေဆဲပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။
အချို့သော ဒေသများတွင် ခရီးသွားများ ၀င်ရောက်မှု များပြားသော်လည်း ဟိုတယ်အခန်း လိုအပ်ချက်နှင့် ဟိုတယ်တည်ဆောက်မှုများ မရှိသေးကြောင်းလည်း သိရသည်။ အထူးသဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစရှိသည့် ဒေသများသို့ ခရီးသွားများ စိတ်ဝင်စားကာ အများစု သွားရောက်လေ့ရှိသော ဒေသများဖြစ်သော်လည်း ဟိုတယ်အခန်း လုံလောက်မှု မရှိသေးကြောင်း သိရသည်။
“ချင်းမှာက မြောက်ပိုင်း၊ တောင်ပိုင်းရှိတယ်။ တောင်ပိုင်းက နတ်မတောင်ကိုတော့ ခရီးသွား ပိုများတာပေါ့။ ကျွန်တော့်ဧည့်သည်တွေကို လိုက်ပို့ဖြစ်တာတော့ မြောက်ပိုင်းပါ။ တီးတိန်၊ ဟားခါးဘက်ပေါ့။ ဟိုတယ်တွေကတော့ သိပ်မရှိပါဘူး။ ရှိတဲ့ဟိုတယ်တွေကလည်း ဘိုထိုင်အိမ်သာတောင် မရှိဘူး။ အခုတော့ ဟိုတယ်ရိဒ်ရေကန်နားမှာတော့ ဘန်ဂလိုလေးတွေ ဆောက်နေတာတွေ့တယ်။ အခုနောက်ပိုင်း လမ်းတွေလည်းကောင်းလာတော့ ခရီးသွားက များလာဖို့ ရှိပါတယ်” ဟု ဧည့်လမ်းညွှန် ကိုရဲထက်က ပြောကြားသည်။
လက်ရှိတွင် ချင်းပြည်နယ် ကလေးမြို့ ၌ ဟိုတယ်နှစ်လုံးရှိပြီး နေပြည်တော်၌ ဟိုတယ် ၅၂ လုံး၊ ရန်ကုန်တွင် ၂၄၄ လုံးနှင့် မန္တလေးတွင် ၁၁၄ လုံး၊ ပုဂံ/ညောင်ဦးတို့တွင် ၇၇ လုံး၊ တောင်ကြီး/အင်းလေးတို့၌ ၇၅ လုံးရှိကြောင်း ၂၀၁၄ ခုနှစ် မတ်လကုန်ထိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ယခုနှစ်အတွက် ခရီးသွား မျှော်မှန်းချက်မှာ သုံးသန်းဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်တွင် ခရီးသွား ခုနစ်သန်း မျှော်မှန်းထားသည်။ လက်ရှိတွင် ခရီးသွားအခြေအနေမှာ များပြားလာသကဲ့သို့ လာမည့် ခရီးသွားရာသီဖြစ်သည့် စက်တင်ဘာတွင် ခရီးသွားအ၀င် မြင့်တက်ရန်ရှိကြောင်း သိရသည်။
နန်းနှင်းဝေဖူး
EMG



