တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ရန်ကုန်ဆွေးနွေးပွဲတွင် နှစ်ဖက်ပူးတွဲရေးဆွဲသည့် မူကြမ်းရရှိခဲ့ပြီး အချောသပ်ရန် မေလပထမပတ် ထပ်မံတွေ့ဆုံမည်

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပထမမူကြမ်းကို အစည်းအဝေး၌ ဖတ်ကြားနေစဉ်
အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် ရန်ကုန်မြို့၌ ဧပြီ ၅ ရက်မှ ဧပြီ ၈ ရက်အထိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုတည်းရရှိရန် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ပူးတွဲရေးဆွဲသည့်မူကြမ်း (ပထမအဆင့်) ကိုရရှိခဲ့ပြီး ယင်းမူကြမ်းကို အချောသပ်ရေးဆွဲနိုင်ရေးအတွက် မေလပထမပတ်အတွင်း၌ ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံသွားမည်ဖြစ်သည်ဟု ဧပြီ ၈ ရက် ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
အားလုံး သဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်းတစ်စောင်ရရှိရေးအတွက် ယခင်ဆွေးနွေးပွဲမှ အတည်ပြုခဲ့သော ခေါင်းစဉ်များဖြစ်သည့် နိဒါန်းနှင့် အခန်းခုနစ်ခန်းကို အသေးစိတ်အချိန်ယူ ဆွေးနွေးခဲ့ကြပြီး တစ်ခုတည်းသော သဘောတူညီချက် (Single Text) (ပထမမူကြမ်း) ကို သဘောတူညီခဲ့ကြပါသည်ဟု ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား လေးရက်ကြာပြုလုပ်အပြီး ရရှိသည့် ဆွေးနွေးပွဲရလဒ်များသည် များစွာ အခြေအနေကောင်းပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရေးသည် တပ်မတော်ဘက်မှ အဆိုပြုထားသည့် သြဂုတ် ၁ ရက်မတိုင်မီ သေချာပေါက်ဖြစ်လာနိုင်သည်ဟု တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်းထောက်များအား ပြောကြားသည်။
"ကျွန်တော်တို့ အခန်းခုနစ်ခန်းလုံး အကုန်လုံးဆွေးနွေးပြီးပါပြီ။ အဲဒီထဲမှာတော့ တချို့သဘောမတူတာတွေ တူတာတွေရှိတာပေါ့။ အခုကတော့ အခြေအနေတော်တော်လေးကောင်းပါတယ်။ Single Text မူကြမ်းတစ်စောင်ရပါပြီ။ တိုင်းရင်းသားတွေရဲ့ မူကြမ်းလည်းမဟုတ်ဘူး။ ကျွန်တော်တို့ မူကြမ်းလည်းမဟုတ်ဘူး။ နှစ်ခုစလုံးရဲ့ မူကြမ်းဖြစ်သွားပြီ။ Single Text အချောထွက်လာဖို့ဆိုတာ ကျွန်တော်တို့မှန်းတာက အခု မေပထမအပတ်မှာ ဒုတိယမူကြမ်းပေါ့။ ဒီထက်မြန်သွားရင်တော့ အဲဒီမှာအချောလည်း ဖြစ်ရင်ဖြစ်သွားနိုင်တာပေါ့။ ငြိမ်းချမ်းရေးက အခုတစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးနိုင်တာရော နောက်ပြီးတော့ တစ်ဦးကိုတစ်ဦး အမြင်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ပြောနိုင်တာဆိုတော့ ကျွန်တော်တို့ မျှော်မှန်းတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးကတော့ မလွဲမသွေရမှာပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက "ဒီနေ့ဆွေးနွေးတာက နှစ်ဖက်ရေးထားတဲ့ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာကြမ်းတွေကိုပဲညှိပြီးတော့ အလယ်ဗဟိုဖြစ်တဲ့ ဘုံစာတစ်စောင်ထွက်အောင် ရေးတာပေါ့။ အခုထွက်လာတာကို အချောပြန်ကိုင်ဖို့ သူ့ဘက်ကိုယ့်ဘက် အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေ ပြန်လည်တင်ပြဖို့ဆိုတဲ့ အချက်နဲ့ပဲပြီးသွားတာပေါ့။ အထဲက အချက်တွေအားလုံး သဘောတူတယ်လို့တော့ ပြောလို့မရသေးဘူး" ဟု ပြောကြားသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (ပထမမူကြမ်း) ရရှိရေးအတွက် မတ် ၉ ရက်နှင့် ၁၀ ရက်တွင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှအတည်ပြုခဲ့သော ခေါင်းစဉ် အခန်းခုနစ်ခန်းလုံးကို အကျေအလည်ဆွေးနွေးခဲ့ရကြောင်းနှင့် မူကြမ်းရေးဆွဲရာတွင် ထည့်သွင်းမည့် စကားလုံးအသုံးအနှုန်းများနှင့် ပတ်သက်၍လည်း လာမည့် မေပထမပတ်တွေ့ဆုံမှုတွင် ထပ်မံညှိနှိုင်းရမည်ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။
NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းကလည်း "ကျွန်တော်တို့ မေလမှာ ပြန်ဆွေးနွေးတဲ့အခါမှာ ဘယ်လိုအချက်တွေကို ပြန်ဆွေးနွေးမလဲဆိုတော့ သူတို့အနေနဲ့ သုံးချင်တဲ့စကားလုံး၊ ကျွန်တော်တို့အနေနဲ့ သုံးချင်တဲ့စကားလုံး သူတို့အနေနဲ့ တိုက်ရိုက်လက်ရှိဖြစ်နိုင်တဲ့ စကားလုံးတွေကို ပြန်လည်ညှိနှိုင်းသွားမှာဖြစ်တယ်" ဟု ပြောကြားသည်။
"တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့အပေါ်မှာတောင်မှ ကျွန်တော်တို့လက်ရှိအစိုးရဘက်ကတော့ ညှိနှိုင်းဖို့ချန်ထားတယ်။ အစိုးရဘက်ကအခေါ်ကတော့ လက်နက်ကိုင်တိုင်းရင်းသား။ ကျွန်တော်တို့က တိုင်းရင်းသားလက်နက်ကိုင်။ အဲဒါကိုညှိဖို့ချန်ထားတယ်။ ဖက်ဒရယ်ဆိုတာကို ကျွန်တော်တို့က ပါစေချင်တယ်။ အစိုးရဘက်ကတော့ ဒီစကားလုံးကိုမပါစေချင်ဘူး။ ထို့အတူပဲ သူတို့တင်ပြတဲ့အထဲက ကျွန်တော်တို့မပါစေချင်တာလည်းရှိတယ်။ ဥပမာ တည်ဆဲဥပဒေ ကျွန်တော်တို့က မပါစေချင်ဘူး" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ယခုထွက်ရှိလာသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (ပထမမူကြမ်း) တွင်ပါဝင်သည့် အချက်အလက်များကို အားလုံးသဘောတူညီခြင်း မဟုတ်သော်လည်း ညှိနှိုင်းရန် အချက်အလက် ရာခိုင်နှုန်း ၃၀ ၀န်းကျင် ကျန်ရှိနေပြီး အချက်အလက် ၁၀ ရာခိုင်နှုန်းဝန်းကျင်မှာ နှစ်ဖက်လုံးမှ လက်မခံနိုင်သည့် အချက်အလက်များဖြစ်နေသောကြောင့် နှစ်ဖက်ခေါင်းဆောင်များထံသို့ ပြန်လည်သဘောထားရယူရမည့် အခြေအနေဖြစ်နေသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
"ပါဝင်တဲ့အချက်အလက်တွေအားလုံး တူတာတော့မဟုတ်ဘူး။ ကျွန်တော်သိတာကတော့ ၆၀၊ ၄၀ ပေါ့။ တော်တော်လေး နီးစပ်သွားတာက ၆၀ လောက်။ ညှိဖို့လိုတာက ရာခိုင်နှုန်း ၄၀ လောက်။ ၄၀ ထဲမှာတော့ ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်း ကျွန်တော်တို့လည်း လက်မခံချင်တဲ့ သူတို့လည်း လက်မခံချင်တဲ့ နှစ်ဖက်ရှိတာပေါ့လေ။ ညှိဖို့လိုအပ်တယ်ဆိုတဲ့ အပိုင်းလည်းရှိတာပေါ့။ ကျွန်တော်ထင်တာတော့ နောက်တစ်ခါပြန်တွေ့ရင် ပိုလွယ်မယ်လို့ထင်တယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ချမှတ်ထားသည့် မူဝါဒခြောက်ချက်ကို ယခုဆွေးနွေးပွဲတွင် အကျေအလည်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။
"တပ်မတော်ရဲ့ သဘောထားခြောက်ချက်က ဘာမှပြဿ နာမရှိဘူး။ ဒီသဘောထားတွေအပေါ်မှာလည်း သူတို့နဲ့ကျွန်တော်တို့ အကျေအလည် ဆွေးနွေးပြီးဖြစ်ပါတယ်။ ခြောက်ချက်စလုံးကလည်း ဆွေးနွေးတဲ့အထဲမှာ ပါပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
"တပ်မတော်ခေါင်းဆောင်တွေကတော့ အဲဒီမူနဲ့ကိုက်အောင် ဆွေးနွေးမှာပေါ့။ သူ့မူကိုကိုင်ပြီး သတိထားပြီး ဆွေးနွေးတာတော့ ဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့လည်း ကျွန်တော်တို့လွတ်လပ်တဲ့သဘောထားနဲ့ ပါသင့်ပါထိုက်တာကို ဆွေးနွေးတာပေါ့။ တကယ်တော့ ဒီမူခြောက်ချက်က တပ်မတော်ကပုဒ်မတွေ ကျွန်တော်တို့ အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၇ အထိ နောက်ပုဒ်မတွေမှာ သူတို့အနေနဲ့ ဆီလျော်သလို ထည့်သွင်းမယ့် သဘောရှိတာပေါ့။ သို့သော်လည်းပဲ ဒီအတိုင်း တုန်းတိတိထည့်တာမဟုတ်ပါဘူး။ ဆီလျော်သလို စဉ်းစားပြီး ပါဝင်စေပြီးတော့ တချို့ကိစ္စကျတော့ ဒီမူတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် သွားလို့ရတာတွေရှိတာပေါ့။ ဒီမူတွေအတိုင်း ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့ ဒါတွေနဲ့မဆန့်ကျင်ဘူးဆိုရင်တော့ တချို့မူတွေက ထည့်လို့ရတဲ့အခါကျတော့ ကြားကျတဲ့မူတွေလည်း ပါမှာပေါ့" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
အစိုးရနှင့် NCCT အဖွဲ့တို့သည့် မေလတွင်း၌ပင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည့်အဆင့်အထိ လုပ်ဆောင်သွားရန် နှစ်ဖက်ကိုယ်စားလှယ်များမှ အကြမ်းဖျင်းသတ်မှတ်ထားကြောင်းနှင့် လက်ရှိဆွေးနွေးမှုများအရ နိုင်ငံရေးဆွေးနွေးပွဲသည်လည်း ယခုနှစ်အတွင်း ကျင်းပနိုင်ဖွယ်ရှိကြောင်း MPC မှ ဦးလှမောင်ရွှေက ပြောကြားသည်။
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ ရှိုင်းလင်းအောင်
EMG



