ရန်ကုန်တွင် ဓာတ်အားလိုင်းကြိုးလဲလှယ်ခြင်းလုပ်ငန်းများ ကျန်ရှိနေ၍ လျှပ်စစ်မီးအားနည်းခြင်း၊ မီးပြတ်တောက်ခြင်းများ ဆက်လက်ရှိနေမည်

hnm | 火曜日, 4月 29, 2014 |



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်ဗို့အားပြည့်သော ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်းလုပ်ငန်းများ ကျန်ရှိနေသဖြင့် လျှပ်စစ်မီးအားနည်းခြင်း၊ မီးပြတ်တောက်ခြင်းများ ဆက်လက်ရှိနေသေးမည်ဖြစ်ကြောင်း ဧပြီ ၂၈ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဥာဏ်ထွန်ဦးက ပြောကြားသည်။

ယင်းနေ့တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်၏ "၂၀၁၄ ခုနှစ် ဧပြီလကုန်မှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ရာ လျှပ်စစ်မီးအားနည်းခြင်း၊ မီးပြတ်တောက်ခြင်းများမရှိစေရန် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း" မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန်၊ လျှပ်စစ်ဗို့အားလျော့၍ အလှည့်ကျဓာတ်အား ပြတ်တောက်မှုမရှိစေရေး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ပြီး ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုအဖြစ် သာကေတ၊ လှော်ကားနှင့် ရွာမတို့တွင် ၅၀၀ MBA မဂ္ဂါဝပ်သုံးလုံး၊ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်များ၊ ရွာမတွင် ထိုင်းနိုင်ငံအစိုးရမှ လွှဲပြောင်းပေးအပ်ထားသည့် ၁၂၀ မဂ္ဂါဝပ်နှစ်လုံး၊ ၂၄၀ မဂ္ဂါဝပ် သဘာဝဓာတ်အားပေးစက်များ အသစ်တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း၊ ထို့အပြင် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၆၆ ကေဗီဓာတ်အားလိုင်း ၉၉ ဒသမ ၄၃၅ မိုင်၊ ၃၃ ကေဗီအေဓာတ်အား လိုင်း ၇၇၀ ဒသမ ၉၁၃ မိုင်၊ ၁၁ ကေဗီအေ ဓာတ်အားလိုင်း ၁၁၀၈.၉၀၂ မိုင်၊ ၆ ဒသမ ၆ ကေဗီအေ ဓာတ်အားလိုင်း ၆၆၈ ဒသမ ၃၇၉ မိုင်၊ ၄၀၀ ဗို့ ၃၃၁၆ ဒသမ ၂၆၆ မိုင်အား တိုးချဲ့တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဥာဏ်ထွန်ဦးကဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်သုံးစွဲဝန်အားမှာ နေ့ပိုင်းတွင် ၈၄၇ ဒသမ ၇၁ မဂ္ဂါဝပ်၊ ညပိုင်းတွင် ၇၇၉ ဒသမ ၈၄ မဂ္ဂါဝပ် အသီးသီးအသုံးပြုလျက်ပြီး နွေရာသီကာလတွင် လက်ရှိသုံးစွဲဝန်အားထက် ထပ်မံ၍ အနည်းဆုံး ငါးရာခိုင်နှုန်းခန့် (၅၀ မဂ္ဂါဝပ်ခန့်) အနည်းဆုံး တိုးတက်သုံးစွဲနိုင်မည့်ဟု ခန့်မှန်းတွက်ချက်ရရှိပါသဖြင့် နွေရာသီ ရန်ကုန်တိုင်းဒေသကြီး၏ ဓာတ်အားသုံးစွဲမှုမှာ ၉၀၀ မဂ္ဂါဝပ်အထိ ရှိမည်ဖြစ်ကြောင်း ဦးဥာဏ်ထွန်းဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားလိုင်းကြိုး အဟောင်းများအား အသစ်လဲလှယ်ခြင်းနှင့် တိုးချဲ့တည်ဆောက်နေသော်လည်း ဗို့အားပြည့်နေသော ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်းလုပ်ငန်းများမှာ ဆက်လက်ကျန်ရှိနေသဖြင့် လျှပ်စစ်မီးအားနည်းခြင်း၊ မီးပြတ်တောက်ခြင်းများ ဆက်လက်ရှိနေသေးမည်ဖြစ်ကြောင်း၊ သို့သော် ဘဏ္ဍာနှစ်အတွင်း အပိုင်းလိုက်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ထွန်ဦးကဆိုသည်။

ကျော်ထင်
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ