တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု ဆွေးနွေးပွဲအား မေ ၂၀ ရက် ၀န်းကျင်တွင် ပြုလုပ်နိုင်ဖွယ်ရှိ

ရန်ကုန်မြို့၌ ဧပြီ ၅ ရက်က စတင်ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုတည်းရရှိရန် ဧပြီလဆန်းက လေးရက်ကြာ တွေ့ဆုံညှိနှိုင်းခဲ့ရာ နှစ်ဖက်ပူးတွဲ ရေးဆွဲသည့်မူကြမ်း (ပထမအဆင့်) ကိုရရှိခဲ့ပြီး ယင်းမူကြမ်းကို အချောသပ်ရေးဆွဲ နိုင်ရေးအတွက် မေလပထမပတ် အတွင်း၌ ထပ်မံတွေ့ဆုံသွားမည်ဟု နှစ်ဖက် ခေါင်းဆောင်များက ပြောကြားခဲ့သော်လည်း မေ ၂၀ ရက် ၀န်းကျင်တွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
NCCT အဖွဲ့ခေါင်းဆောင်များသည် အစိုးရနှင့် တွေ့ဆုံမည့် ဆွေးနွေးပွဲအား ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒများကို ချမှတ်ခဲ့ကြောင်း၊ အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲရက်ကို မေ ၂၀ ရက်နှင့် ၂၅ ရက်အကြားတွင် တွေ့ဆုံဆွေးနွေး နိုင်ဖွယ်ရှိကြောင်း NCCT အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
"နောက်ဆုတ်သွားတဲ့ အနေအထားကတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဘက်ကလည်း အချေအတင် ပြန်ဆွေးနွေးရမယ့် အချက်လေးတွေရှိသလို အစိုးရပိုင်းကလည်း လိုအပ်ချက်လေးတွေ ရှိနေတယ်လို့ထင်တယ်။ ဒီအကြောင်းအချက် လေးတွေကြောင့်ပဲ နှစ်ဖက်အဆင်သင့် ဖြစ်မယ့်ရက်ကို နောက်ရွှေ့သွားတဲ့ သဘောပါပဲခင်ဗျ" ဟု ၎င်းက ဆိုသည်။
Myanmar Peace Center မှ ဦးအောင်နိုင်ဦးကလည်း "လောလောဆယ် ညှိနေပါတယ်။ ဒီမေ ပထမပတ်မှာတော့ မဖြစ်ဘူး။ ဒုတိယပတ်နဲ့ တတိယပတ် တစ်ခုခုမှာ တွေ့မယ်ထင်တယ်။ အခြေအနေကောင်းတယ်။ ဟိုဘက်ဒီဘက် ပြန်ဆွေးနွေးရမယ့်ကိစ္စ ဟိုဘက်မှာလည်း ဆွေးနွေးနေတယ်။ ဒီဘက်မှာလည်း လုပ်နေတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ကျွန်တော်သိရသလောက်ဆိုရင် ဖြစ်နိုင်ရင် မြန်မြန်လုပ်ချင်တဲ့အတွက် ဖြစ်နိုင်တဲ့ နည်းတွေကို နှစ်ဖွဲ့ပေါင်းပြီးရှာဖို့ ကြိုးစားမှာပေါ့" ဟု ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အခန်းခုနစ်ခန်းပါဝင်သည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်းတစ်စောင်ရရှိရေး ညှိနှိုင်းရာတွင် ကွဲလွဲချက်များ ကျန်ရှိနေပြီး နှစ်ဖက်လုံးမှ လက်မခံနိုင်သည့် အချက်များကို နှစ်ဖက်ခေါင်းဆောင်များထံသို့ ပြန်လည်သဘောထား ရယူခြင်းများ ဆောင်ရွက်ကာ လာမည့်မေလအတွင်း ပြုလုပ်မည့် ဆွေးနွေးပွဲတွင် မူကြမ်းကို အချောသပ်နိုင်ရေး ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ယုံကြည်မှုကိုများစွာ ထိခိုက်ခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်မရသည့် အနေအထားမျိုး မဖြစ်စေချင်ဟု ကေအိုင်အို အလုပ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။
တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများ နည်းလေ ကောင်းလေဟုလည်း Myanmar Peace Center မှ ဦးလှမောင်ရွှေက ဆိုသည်။
အပစ်အခတ်ရပ်စဲရေး မအောင်မြင်ခဲ့ရသည့် အားနည်းချက်များကို ပြန်သုံးသပ်ပြီး လက်ရှိမူကြမ်းရေးဆွဲမှုမှ ရှေ့ဆက်သွားနိုင်ပါက တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသည် အချိန်မကြာဘဲ အောင်မြင်မှုရရှိမည်ဟု တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ဧပြီ ၅ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်အဆင့်မြင့် အရာရှိများအား ပြောကြားသည်။
NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကလည်း နှစ်ပေါင်းများစွာ ကြာရှည်စွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင်ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု ဧပြီ ၅ ရက်က စတင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် ပြောကြားထားသည်။
အကျိုးမရှိသည့် နည်းလမ်းကိုလက်ရှိ ကာလတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါပြောင်းလဲရန် သင့်နေပြီဖြစ်သည်ဟု ဦးနိုင်ဟံသာက နှစ်ဖက်ခေါင်းဆောင်များကို တိုက်တွန်းထားသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို တပ်မတော်ဘက်မှ ယခု ၂၀၁၄ ခုနှစ် သြဂုတ်မတိုင်မီ ပြုလုပ်လိုသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့ အဆိုပြုတင်ပြထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်ကလည်း ယင်းထက်ပိုမို ဆောလျင်စွာ ပြုလုပ်လိုသည်ဟု ပြောကြားထားသည်။
EMG
Category: bcjpnoa, bcjpnob, winnaingoo