သမီးလေး ကျေးရွာသားများအတွက် နေရာထိုင်ခင်းများအား ကျောက်ခတ်ကျေးရွာတွင် DKBA က မိုးမကျမီ အပြီးတည်ဆောက်ပေးမည်

White Star | 水曜日, 4月 09, 2014 |

သမီးကလေးကျေးရွာမှ ရွေ့ပြောင်းလာသူများ၏ နေရာထိုင်ခင်းအတွက် ကရင်ပြည်နယ် ကျောက်ခတ်ရွာတွင် မြေရှင်းလင်းမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-DKBA)
ကရင်ပြည်နယ် ကျောက်ခတ်ကျေးရွာရောက် သမီးလေး ကျေးရွာသားများအတွက် (DKBA) တိုးတက်သော ဗုဒ္ဓဘာသာ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်မှ မိုးမကျမီ နေရာထိုင်ခင်း အပြီးတည်ဆောက်နိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

DKBA မှ သွားရောက်ခေါ်ဆောင်ခဲ့သော ဖယ်ရှားခံ သမီးကလေး ကျေးရွာသားများသည် မွန်ပြည်နယ်အတွင်း ဘုရားလှည့်လည် ဖူးမြှော်ဆုတောင်းပြီး ဧပြီ ၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ကရင်ပြည်နယ် မြ၀တီမြို့သို့ ရောက်ရှိလာခဲ့ပြီး၊ မြ၀တီမြို့၌ တစ်ညအိပ်၍ ဧပြီ ၅ ရက် နံနက်တွင် မြ၀တီမြို့မှ ထွက်ခွာသွားခဲ့ကာ ကျောက်ခတ်ကျေးရွာသို့ မွန်းလွဲ ၁ နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ ဧပြီ ၆ ရက်မှစ၍ ကျောက်ခတ်ရွာတွင် နေရာထိုင်ခင်းအတွက် မြေယာရှင်းလင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“တောင်စောင်းကို ဧပြီ ၆ ရက်ကစပြီး ရှင်းလင်းပါတယ်။ မိသားစု အားလုံးအတွက်ပါ။ ခုတ်ထွင်ရှင်းလင်းထားသူတွေဆီက ပြန်ဝယ်ယူပြီး နေရာချထားပေးတာပါ။ ရွာသားတွေအတွက် နေရာထိုင်ခင်း အားလုံးကို ဒီနှစ်မိုးတွင်းမတိုင်မီ တည်ဆောက်ပြီးမှာ ဖြစ်ပါတယ်” ဟု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းမတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလီ စသည့်ရွာပေါင်းခြောက်ရွာမှ ကျူးကျော်အဖြစ် ဖျက်စီးခံခဲ့ရပြီး မြေမဲ့၊ ယာမဲ့၊ အိမ်မဲ့ဘ၀ကို ရောက်ခဲ့ရသူ ၂၀၂ ဦး၊ မိသားစု ၈၁ စုအတွက် ၄၀×၆၀ မြေကွက်များ စီစဉ်ဆောင်ရွက်ပြီး နေစရာအိမ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက စစ်တပ်ပိုင်နယ်မြေဟုဆိုကာ ဖျက်စီးဖယ်ရှားခံရပြီးနောက် ဧပြီ ၅ ရက်က ကျောက်ခတ်ကျေးရွာသို့ ရောက်ရှိလာသည့် သမီးကလေး ရွာသားများတွင် ကလေးငယ်လေးများ၊ လေဖြတ်ထားသည့် ဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဖျားနာနေသည့် လူနာများလည်း ပါဝင်ကြောင်း သိရသည်။

ယခုအခါ ထိုင်းမြန်မာနယ်စပ် ကျောက်ခတ်ရွာကို ရောက်ရှိနေကြသော သမီးကလေး ကျေးရွာသားများအား ယခင်ပေးထားသည့် ကတိအတိုင်း ကျောက်ခတ်ရွာ၌ပင် နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့တွင် မည်သည့်ပရောဂျက်မှ မရှိသော်လည်း မည်သည့်ခရိုနီဆီကမှလည်း အသနားမခံဖူးကြောင်း၊ ဒေသခံပြည်သူများနှင့် အဆိုပါရွာသားများ၏ဘ၀ ရပ်တည်သွားနိုင်အောင် အတတ်နိုင်ဆုံး စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်၏ ပြောကြားချက်အရ သိရသည်။

Category:

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ