မြန်မာသင်္ဘောသားများ ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Nautica သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်

သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော MV Nautica အပျော်စီး သင်္ဘောအား တွေ့မြင်ရစဉ်
မြန်မာသင်္ဘောသားများ ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Nautica မှာ သီလ၀ါဆိပ်မ်းသို့ ဧပြီ ၇ ရက်က ရောက်ရှိခဲ့ရာ ရန်ကုန်မြို့တွင် နှစ်ရက်ကြာလည်ပတ်ခဲ့ပြီး ဧပြီ ၉ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပျော်စီးသင်္ဘောပေါ်တွင် ကမ္ဘာလှည့်ခရီးသွား ၆၂၈ ဦးပါဝင်ပြီး သင်္ဘောဝန်ထမ်း ၄၀၀ ပါဝင်ကြောင်း သိရသည်။ အဆိုပါ သင်္ဘောဝန်ထမ်းများထဲတွင် မြန်မာသင်္ဘောသား အမျိုးသမီး ၁၂ ဦး ပါဝင်နေကြောင်း သိရသည်။
“အရင်က အပျော်စီးသင်္ဘောတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ပါလာရင် ထိုင်းမှာနေခဲ့ရတယ်။ ၂၀၀၃ ခုနှစ်ကဆိုရင် မြန်မာသင်္ဘောဝန်ထမ်း ၈၀ လောက်က ထိုင်းမှာပဲ ဆင်းနေခဲ့ရတယ်။ တချို့ဆိုရင်လည်း အလုပ်ပါထွက်ခဲ့ရတာ တွေရှိခဲ့တယ်။ အခုတစ်ခေါက်ကတော့ မြန်မာတွေအတွက် အထူးခြားဆုံးနဲ့ ပထမဆုံးပါပဲ။ သူတို့ဝင်ခွင့်ရဖို့ အတွက်လည်း တော်တော်လေး ကြိုးစားထားရပါတယ်။ သင်္ဘောကမ်းကပ်တော့ သူတို့မိသားစုတွေကလည်း လာကြိုကြတယ်” ဟု သင်္ဘောခရီးစဉ်များကို စီစဉ်သည့် Myanmar Voyages ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။
ယခင်က အပျော်စီးသင်္ဘောများတွင် အလုပ်လုပ်ကိုင်သည့် ၀န်ထမ်းများကို သင်္ဘောသားမှတ်ပုံတင် မရှိဟုဆိုကာ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခွင့် မပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အပျော်စီးသင်္ဘောတွင် အမေရိကန်၊ ကနေဒါနှင့် ဥရောပလူမျိုးများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကမ္ဘာလှည့်ခရီးသွားများမှာ ပုံမှန်အတိုင်းပင် ရန်ကုန်မြို့တွင်းနှင့် အနီးအနားများသို့ပင် လည်ပတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပျော်စီးသဘောင်္မှာ ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကာ ဧပြီ ၉ ရက်၊ နံနက် ၁၀ နာရီတွင် အိန္ဒိယနိုင်ငံ ကူချင်ဆိပ်ကမ်းသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Category: