ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး မြန်မာသတင်းသမားများကို အစ္စရေးသံအမတ် ရှင်းလင်း

အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေး စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးက မြန်မာသတင်းသမားတွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ခေါ်ယူ ရှင်းလင်းပြောကြားခဲ့ ပါတယ်။
ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် လူရာပေါင်းများစွာ ထိခိုက်သေဆုံးသွားခဲ့ပြီး နိုင်ငံတကာ မီဒီယာတွေက အစ္စရေးကို ဝေဖန်နေတဲ့ အချိန်မှာ မြန်မာသတင်းထောက်တွေကို အစ္စရေးသံအမတ်ကြီး ဟာဂေးမိုရှီဘီဟာက ခေါ်ယူတွေ့ဆုံခဲ့တာပါ။
မြန်မာပြည်က သတင်းထောက်တွေက အစ္စရေးကနေ တိုက်ရိုက် သတင်းမပေးပို့ပေမယ့်လည်း သတင်းစာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေက နိုင်ငံတကာ သတင်းဌာနတွေက ဖြစ်တဲ့အတွက် နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုတွေကို ရှင်းပြဖို့ ဇူလိုင် ၂၂ ရက်နေ့က တွေ့ဆုံတာလို့ အစ္စရေး သံရုံးရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံသားတွေကို ဒုံးကျည်တွေနဲ့ခြိမ်းခြောက်တာ၊ နယ်စပ်ကို ဖြတ်ကျော်ဖို့ ရည်ရွယ်တဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ အပြစ်ကင်းတဲ့ အရပ်သားတွေဆီကို ရောက်ရှိမယ့် အခြေအနေကို လက်မခံနိုင်တဲ့ အကြောင်း သူက ရှင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
လူတွေ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းတွေအပေါ် မူတည်ပြီး ဒီပဋိပက္ခကို သုံးသပ်မယ်ဆိုရင် သတင်းတွေက အကြီးဆုံးအမှား ဖြစ်သွားနိုင်တယ်လို့ သံအမတ် ဟေဂေးမိုရှီဘီဟာက မြန်မာသတင်းသမားတွေကို သတိပေးပြောကြားခဲ့ပါတယ်။
DVB



