လိုက်လျောနိုင်သည်များကို ကြိုတင်ပြောကြားထားခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျိုးရှိသည့် အနေအထားဖြစ်သည်ဟု NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြား

လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့သည် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း(ဒုတိယအဆင့်)ကို ညှိနှိုင်းရေးဆွဲထားနိုင်ပြီး ဆက်လက်ညှိနှိုင်းရန် မူကြမ်း၏ ရာခိုင်နှုန်း ၃၀ သာကျန်ရှိတော့ရာ နိုင်ငံတော်သမ္မတက ၎င်း၏သဘောထားနှင့် လိုက်လျောနိုင်သည်များကို ကြိုတင်ပြောကြားထားခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျိုးရှိသည့် အနေအထားဖြစ်သည်ဟု NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းက သုံးသပ်သည်။
"NCCT နဲ့ UPWC ကြားမှာ ဆွေးနွေးတာက process ကိုဆွေးနွေးတာပိုများတယ်။ process ကိုဆွေးနွေးတယ်ဆိုတာက NCCT နဲ့ UPWC တွေ့ဆုံမှုကို သူတို့က ဇူလိုင်လအတွင်းမှာလုပ်ချင်တာ။ ကျွန်တော်တို့က အခုလိုင်ဇာထိပ်သီးဆွေးနွေးပွဲကြောင့် နောက်နည်းနည်းဆုတ်ပေးဖို့တိုင်ပင်တယ်။ သမ္မတကြီးကနေပြီးတော့ ကျွန်တော်တို့ဆွေးနွေးတဲ့အထဲမှာ သူသဘောတူထားတဲ့အချက်တွေ၊ လိုက်လျောပေးနိုင်တဲ့အချက်တွေကို ကြိုပြီးတော့ ကျွန်တော်တို့ကိုပြောထားတာရှိတယ်။ ဒါတွေကလည်း ကျွန်တော်တို့အနေနဲ့ ဖြစ်စဉ်အတွက်အားပေးတဲ့ အကျိုးရှိနိုင်မယ့်အနေအထားရှိတယ်လို့ အဲလိုပဲ ကျွန်တော်သုံးသပ်တယ်။ ကောင်းတယ်လို့ ကျွန်တော်မြင်တယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းကဆိုသည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး Myanmar Peace Center မှ ဦးလှမောင်ရွှေအား ဆက်သွယ်မေးမြန်းရာ ဦးလှမောင်ရွှေက "ကျွန်တော်တို့အစိုးရဘက်မှာလည်း ဗဟိုကော်မတီဆိုတာရှိတာပဲ။ ဗဟိုကော်မတီမှာ ညှိနှိုင်းဆောင်ရွက်မှာပဲ။ ဒါပေမဲ့ အခုပြောတယ်ဆိုတဲ့ကိစ္စက ဟုတ်တယ်။ ဒီလိုမျိုးတော့ဖြစ်လာအောင် အလားအလာရှိတယ်ဆိုတဲ့ ယေဘုယျဟာကိုပြောတာပါပဲ။ ဒါပေမဲ့ယေဘုယျဆိုပေမယ့် ထည့်သွင်းစဉ်းစားလို့ရပါတယ်" ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းအပါအ၀င် အစိုးရအဖွဲ့ဝန်ကြီးများ၊ Myanmar Peace Center မှ တာဝန်ရှိသူများသည် ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့၌တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဇူလိုင် ၁၃ ရက်တွင် UPWC ၏ အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center (MPC) မှ တာဝန်ရှိသူများနှင့် NCCT ခေါင်းဆောင်များသည် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တွေ့ဆုံခဲ့ကြပြီး UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက မှာကြားသည်များကို NCCT အဖွဲ့ဝင်များအားရှင်းပြခဲ့သည်ဟု MPC မှ ဦးလှမောင်ရွှေကဆိုသည်။
လက်ရှိတွင် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များသည် ကချင်ပြည်နယ် လိုင်ဇာဒေသ၌တွေ့ဆုံပြီး အစိုးရနှင့်တိုင်းရင်းသားများအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးဆောင်ရွက်နိုင်ရန်အတွက် UPWC နှင့် NCCT တို့အကြားညှိနှိုင်းရန် ကျန်ရှိနေသည်များကို ဇူလိုင် ၂၄ ရက်ကစတင်ကာ ဆွေးနွေးလျက်ရှိပြီး ယင်းဆွေးနွေးပွဲများပြီးပါက ရန်ကုန်၌ UPWC နှင့် NCCT တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ငြိမ်းဇော်လင်း၊ အောင်ဇော်ထွန်း
EMG
Category: bcjpnoa, bcjpnob, News, လမ်းမိုင်း



