ယခုနှစ်တွင် ပြည်တွင်းခရီးသွား ငါးသန်းခန့် မြင့်တက်လာနိုင်

hnm | 水曜日, 7月 23, 2014 |


ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားသည့် အာဆီယံအမွေအနှစ်စာရင်းဝင် အင်းလေးကန်ဒေသအတွင်း အင်းသားတို့၏ ရိုးရာဓလေ့ငါးဖမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)


ပြည်တွင်းရှိ ခရီးသွားများမှာ ခရီးလှည့်လည်သွားလာမှု နှစ်စဉ်ပိုမိုတိုးတက်လာမှုမှာ ယခုနှစ်ပိုင်းများအတွင်း မြင့်တက်လာမှုရှိကြောင်းနှင့် ထိုသို့မြင့်တက်လာမှုကြောင့် ယခုနှစ်တွင်လည်း ခရီးသွားငါးသန်းခန့် မြင့်တက်လာနိုင်ကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းဥက္ကဋ္ဌ က ခန့်မှန်းပြောကြားခဲ့သည်။

“မြန်မာတွေ ခရီးသွားတတ်လာကြပြီ။ပြီးခဲ့တဲ့ခရီးသွားရာ သီတုန်းက အသွားများတဲ့နေရာတွေကတော့ ချောင်းသာ၊ ငွေဆောင်၊ ရွှေစက်တော်၊ အလောင်းတော်ကဿပနဲ့ ကျိုက်ထီးရိုးပေါ့။ တောင်ကြီး၊ အင်းလေးနဲ့ ပုဂံကလည်း သွားကြတယ်။ ခရီးသွားတော်တော်ကြီးကို တက်လာတယ်”ဟု ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၃ နွေရာသီအပါအ၀င် ခရီးသွားရာသီတွင် ပြည်တွင်းခရီးသွား ၄ ဒသမ ၅ သန်း သွားလာခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ်က ပြည်တွင်းခရီးသွားအရေအတွက်မှာ ၃ ဒသမ ၅ သန်း ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်က ပြည်တွင်းသွားလာမှုမှာ နည်းပါးခဲ့ပြီး ၂ ဒသမ ၈ သန်းသာ သွားလာမှုရှိခဲ့ကြောင်း သိရပြီး ယခုနှစ်လာမည့် ခရီးသွားရာသီတွင် ခရီးသွားပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပြည်တွင်းခရီးသွားမြင့်တက်လာမှုနှင့်အတူ ခရီးသွားနေရာသစ်များ ရှာဖွေသွားလာမှုလည်း ရှိလာကြပြီး ယခုနှစ်တွင် ခရီးသွားနေရာသစ်များအဖြစ် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ကရင်ပြည်နယ်ရှိ သံတောင်နှင့် မြိုင်ကြီးငူဒေသများသို့ ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“လွိုင်ကော်နဲ့ သံတောင်ကို ခရီးသွားကုမ္ပဏီတစ်ခုက စပြီးပို့ဆောင်နေပါတယ်။ ဒီနှစ်ခရီးသွားရာသီအတွက် ခရီးစဉ်အသစ်ပါပဲ။ မိုးတွင်းဆိုပေမယ့် အညာဘက်တွေက မိုးနည်းတယ်လေ။ ခရီးသွားနည်းပေမယ့် သွားလာနေကြပါတယ်။ လမ်းတွေ ကားတွေ ကောင်းလာတာလည်းပါတယ်။ အခုက ကျွန်တော်တို့ကတော့ ကျိုက်ထီးဆောင်းဘက် အပတ်စဉ်ထွက်ပါတယ်”ဟု သန်းဌေး နှင့်ရောင်းရင်းများ ပြည်တွင်းဘုရားဖူးလုပ်ငန်းမှ ဦးသန်းဌေးက ပြောကြားသည်။

ပြည်တွင်းခရီးသွားများ နှစ်စဉ်သွားရောက်လေ့ရှိသည့် ဒေသများမှာ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ပုဂံ၊ ပုပ္ပါး၊ အလောင်းတော်ကဿပ၊ ရွှေစက်တော်၊ ကျိုက်ထီးရိုး၊ ချောင်းသာနှင့် ယခုနှစ်အတွင်း ပြည်တွင်းခရီးသွားများ စိတ်ဝင်တစားသွားရောက်လာ သည့် ပြည်မြို့ရှိ အကောက်တောင်နှင့် ကမ်းခြေငွေဆောင်တို့ ဖြစ်သည်။


နန်းနှင်းဝေဖူး
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ