ရေနံထွက်ပစ္စည်း တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းနှင့် ရန်ကုန်လေဆိပ်တွင် လေယာဉ်ဆီတင်သွင်းရောင်းချခြင်း လုပ်ငန်းနှစ်ခုအား ပြည်ပကုမ္ပဏီများနှင့်သာ ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း လေယာဉ်များ အဆင်းအတက်ပြုရာနေရာ (ဓာတ်ပုံ-နွဲ့ယဉ်အေး)
ရေနံထွက်ပစ္စည်း တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီ တင်သွင်းရောင်းချခြင်း လုပ်ငန်းနှစ်ခုအား ပြည်ပကုမ္ပဏီများနှင့်သာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၂ ရက်က သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီတင်သွင်းရောင်းချခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ပြည်တွင်းပြည်ပမှ ကုမ္ပဏီ ၂၀ ကျော်က အကြိုအဆိုပြုလွှာများ တင်သွင်းခဲ့သည်။ ထိုသို့ ပြည်တွင်းပြည်ပမှ ကုမ္ပဏီများမှ အဆိုပြုလွှာများ တင်သွင်းခဲ့သော်လည်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အနေဖြင့် နိုင်ငံတကာ အတွေ့အကြုံရှိ ပြည်ပကုမ္ပဏီနှင့်သာ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီတင်သွင်းရောင်းချခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ဗြိတိန်၊ အမေရိကန်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ် စသည့်နိုင်ငံများမှ အကြိုအဆိုပြုလွှာများ တင်သွင်းခဲ့ကြောင်း သိရသည်။
ရေနံထွက်ပစ္စည်း တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတွင် နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းကိုမူ လက်ရှိအချိန်တွင် စတင်စီစဉ်နေဆဲသာဖြစ်ကြောင်း သိရသည်။
အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ တိုးတက်ဝင်ရောက်လာသဖြင့် လေယာဉ်ဆီ ပိုမိုဖြန့်ဖြူး ရောင်းချလာနိုင်သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လေယာဉ်ဆီများ ဖြန့်ဖြူးရောင်းချနိုင်ရန် တင်ဒါခေါ်ယူရာတွင် လျှောက်ထားသူမရှိဖြစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချသည့် လေဆိပ်ပေါင်း ၁၁ ခုအထိ ရှိနေပြီး ပိုမိုတိုးမြင့် ရောင်းချလာနိုင်သည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ပြုရန် ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် လျှောက်လွှာခေါ်ယူခဲ့သော်လည်း လက်ရှိအချိန်အထိ လျှောက်ထားနိုင်သူ နည်းပါးနေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ်ဝင်ထွက် သွားလာနေသည့် နိုင်ငံတကာမှ လေယာဉ်များနှင့် ပြည်တွင်းရှိ လေယာဉ်များအတွက် လက်ရှိရောင်းချပေးနေသည့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများမှာ လုံလောက်မှုနည်းပါးနေကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် ကျန်လေဆိပ်များတွင် တင်ဒါများ ဆက်လက်ခေါ်ယူမည်ဖြစ်သော်လည်း ဆင်းသက်သည့်လေယာဉ် နည်းပါးသည့် နေပြည်တော်လေယာဉ်ကွင်းတွင်မူ လေယာဉ်ကွင်းအား တည်ဆောက်ခဲ့သည့် Pioneer Aerodrome ကုမ္ပဏီမှ နေပြည်တော်လေဆိပ်တွင် လေယာဉ်ဆီများ ဖြန့်ဖြူးရောင်းချခွင့်ပြုရန် တင်ပြထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်တင်က ပြောကြားသည်။
ဖြိုးဝေ
EMG



