အရက်ပုန်းဆိုင်များ ပပျောက်ရေး၊ အရက်ဆိုင်အရေအတွက် လျှော့ချရေးနှင့် အခွန်ငွေ တိုးမြှင့်ကောက်ခံရေးအတွက် ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်မည်

hnm | 土曜日, 7月 19, 2014 |



မြန်မာနိုင်ငံအတွင်း အရက်ပုန်းဆိုင်များ ပပျောက်ရေး၊ အရက်ဆိုင်အရေအတွက် လျှော့ချရေးနှင့် အခွန်ငွေတိုးမြှင့် ကောက်ခံနိုင်ရေးအတွက် ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားသည်။

ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က နေပြည်တော်၌ ဇူလိုင် ၁၈ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း၏ မေးခွန်းအား ဖြေကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက “အရက်ပုန်းဆိုင်များ ပပျောက်ရန်နှင့် အရက်တုများ ပေါများနေခြင်းကို ကာကွယ်တားဆီးရန် မည်သို့တိုးမြှင့် ဆောင်ရွက်မည်ကို သိလိုပါသည်” ဟု မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က “တရားမ၀င် အရက်ပုန်းဆိုင်များ မရှိစေရေးနဲ့ အရည်အချင်းပြည့်မီတဲ့ အရက်များကိုသာ ရောင်းနိုင်ရေးအတွက် ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေးအဖွဲ့ငယ်၊ သတင်းစုံစမ်းဖော်ထုတ်ရေး အဖွဲ့ငယ်နဲ့ တားဆီးနှိမ်နင်းရေး အဖွဲ့ငယ်များ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

တရားမ၀င် ယစ်မျိုးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ယူခြင်းတို့နှင့်ပတ်သက်၍ ပြစ်ဒဏ်နှင့် ဒဏ်ငွေများကို ခေတ်ကာလနှင့်လျော်ညီသည့် ပြစ်ဒဏ်များချမှတ်နိုင်ရန်နှင့် တရားမ၀င် ယစ်မျိုးထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းများကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်နိုင်ရန် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ယစ်မျိုးနည်းဥပဒေ ၄ အရ လိုင်စင်အမျိုးအစားပေါင်း ၂၈ မျိုးကို ခွင့်ပြုချထားပေးလျက်ရှိပြီး ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ယစ်မျိုးလိုင်စင် အရေအတွက် ၄၁၂၁၀ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယစ်မျိုးအက်ဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် နေပြည်ကောင်စီနယ်မြေ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ၂၀၁၁ ခုနှစ်တွင် ၁၅၅၅၈ မှုနှင့် တရားခံပေါင်း ၁၅၅၅၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၂၉၅ မှုနှင့် တရားခံပေါင်း ၁၆၃၀၈ ဦးရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ယစ်မျိုးအက်ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ရာတွင် ၂၀၁၃ ခုနှစ်၌ ၁၇၄၀၁ မှုနှင့် တရားခံပေါင်း ၁၇၄၁၅ ဦးနှင့် ယခု ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း ၉၃၇၀ မှုနှင့် တရားခံပေါင်း ၉၃၇၉ ဦးအား အရေးယူထားပြီး အရက်တုများကို ထုတ်လုပ်ရောင်းချမှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံတွင် မြို့ရော၊ တောပါ တရားဝင်၊ တရားမ၀င် အရက်ပုန်းဆိုင်များ အရေအတွက် တိုးလာပါတယ်။ လူစည်ကားရာ ဆိုင်များဟာ အများအားဖြင့် အရက်ဆိုင်များ ဖြစ်နေပါတယ်။ ငယ်ရွယ်သူများကလည်း လွယ်လွယ်တွေ့ပြီး လွယ်လွယ်သောက်သုံးနေကြပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သည့် အရက်များကို ဖြန့်ဖြူးရောင်းချရာတွင် အရက်သောက်သုံးသူများကို ကျန်းမာရေးနှင့်ညီညွတ်သည့် အရက်များကို သောက်သုံးနိုင်ရန်အတွက် အရက်နမူနာများကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ သောက်သုံးရန် သင့်မသင့် စစ်ဆေးခံရန်နှင့် သောက်ရန်သင့်ကြောင်း ထောက်ခံချက်ရရှိမှသာ အရက်များကို ဖြန့်ဖြူးရောင်းချခွင့် ပြုထားကြောင်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားသည်။


ဝေယံဖြိုးဦး၊ မျိုးမင်းထက်
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ