ရန်ကုန်မြို့တွင်း ရေကြီးမှုများ ထပ်မံမဖြစ်စေရေး စည်ပင်မှ စစ်တမ်းကောက်ယူနေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောင်းရေလျှံပြီး ရေကြီးမှုများ ဖြစ်ပေါ်နေသည်ကို ဇွန်လ ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်
ရန်ကုန်မြို့ထဲ ရေကြီးရေလျှံမှု လျော့နည်းစေရေး စစ်တမ်းကောက်ယူလျက်ရှိ ပြီး တွေ့ရှိချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးအေးကိုက မဇ္ဈိမကို ပြောသည်။
ထို့အတွက် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ဇွန်လအတွင်းမှ စတင်စစ်တမ်း ကောက်ယူနေပြီး မြေအောက်မြောင်းချဲ့ခြင်း၊ ရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ ရေကန်များ တူးဖော်ပြီး ရေစုပ်စက်ဖြင့် စုပ်ယူထားသည့် ရေများကို သိုလှောင်ကန်များတွင် သိုလှောင်ခြင်းတို့ကို လိုအပ်ချက်ပေါ်မူတည်ပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
“စစ်တမ်းကထွက်လာတဲ့ အချက်ကနေဘာလုပ်သင့်လဲ ဆက်သွားပါမယ်။ ဥပမာ ဆူးလေက မြစ်ထွက် ပေါက်ထဲကိုဆင်းတဲ့ ဘယ်လမ်းတွေက ရေတွေကဆင်းမယ်ဆိုတဲ့ဟာရှိတယ်။ ရေဝေရေလွှဲဧရိယာတွေ ရှာနေတယ်။ မိုးရေချိန် လက်မဘယ်လောက်ရှိတယ်။ မြစ်ရေဘယ်အချိန်မှာတက်လဲ၊ လိုအပ်တာတွေတွက် ပြီးမှ ဘယ်လိုလုပ်ရမယ်ဆိုတာ ထွက်လာမယ်။ အဲ့ဒီစစ်တမ်းကရလာတဲ့အချက်တွေပေါ်မူတည်ပြီး မဟာ ဗျူဟာရေးဆွဲ ဆက်လုပ်သွားမယ်” ဟု ပြောသည်။
စစ်တမ်းကောက်ယူမှုကို ဇွန်လမှ စတင်ကောက်ယူနေသော်လည်း အမြန်ဆုံး စာရင်းကောက်ယူ ပြုစုသွား မည်ဟု ဆိုသော်လည်း ကာလအပိုင်းအခြားကိုမူ မပြောနိုင်သေးကြောင်း ဒုတိယဌာနမှူးကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာန (အင်ဂျင်နီယာ)က မြေအောက် မြောင်းများထဲမှ အမှိုက်များရှင်းလင်းခြင်းကို တစ်မြို့နယ်ဝန်ထမ်း ၁၀ ဦးနှုန်းဖြင့် နေ့စဉ်ရှင်းလင်း ပေးလျက် ရှိသည်ဟုလည်း အဆိုပါဌာန၏ လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။
နန်းမြင့်
Mizzima News



