လူကုန်ကူးသူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးတွင် ဒုတိယ ရဲမှူး ရင်ရင်အေး နှင့် အဖွဲ့ တာဝန် ထမ်းဆောင် နေစဉ် ယမန်နေ့ နံနက်က ကိုလှမြင့် ၄၉ နှစ် နှင့် ကိုထွန်းသန်း ၅၂ နှစ်တို့က လူကုန်ကူး ခံရသည့် မသင်းသင်းဆွေ ၁၄ နှစ် (ဘ) ဦးစိုးရွှေ ၊ ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ဥက္ကလာပ မြို့နယ် နေသူ ကို ခေါ်ဆောင်၍ လာရောက် အပ်နှံ ခဲ့ကြောင်း သိရသည်။
အဆိုပါ မသင်းသင်းဆွေ ကို စစ်ဆေး မေးမြန်းခဲ့ရာ လွန်ခဲ့သော နှစ်ဝက်ခန့်က ဦးထွန်းထွန်းဦး နှင့် ဒေါ်တိုးတိုးအောင် ၄၇ နှစ် (ဘ) ဦးမြင့်ခင် ၊ သုခစံ ကာရာအိုအေ ဆိုင် ၊ ၀ိန်းကျောက် ရပ်ကွက် ၊ တာချီလိတ်မြို့ နေသူတို့သည် ရန်ကုန်မြို့ရှိ ၄င်းတို့ နေထိုင်ရာ အိမ်သို့ ရောက်ရှိလာပြီး တာချီလိတ်မြို့ သို့ ရောက်ရှိပါက ကျောင်းနေ လိုလျှင် ကျောင်းထား ပေးမည်။ ကျောင်း မနေလိုက ၄င်းတို့ ပိုင်သော ဆိုင်၌ စာရင်း မှတ်ခိုင်းမည် ဟု ပြောဆို၍ ခေါ်လာ ခဲ့ကြောင်း ၊ သူမ အနေဖြင့် တာချီလိတ်မြို့ သို့ ရောက်ရှိစဉ် ဒေါ်တိုးတိုးအောင် ဖွင့်လှစ် ထားသည့် သုခစံ ကာရာအိုကေ ဆိုင်တွင် အနှိပ်သည် လုပ်ငန်းကို လုပ်ကိုင် ခဲ့ရသော်လည်း လုပ်အားခ တစ်စုံတစ်ရာ မရရှိကြောင်း ၊ ဆိုင်ရှိ အတူနေသူ မနှင်းနှင်း နှင့် မရွှေစင် တို့ ၂ ဦးကို ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်ရန် အတင်း အဓမ္မ ခိုင်းစေ ခဲ့သည်ကို တွေ့ရှိ ရကြောင်း ၊ သူမ ရောက်ရှိပြီး တစ်ပတ်ခန့် အကြာ မနှင်းနှင်းမှာ ပြည့်တန်ဆာ လုပ်ငန်းကို မလုပ်ကိုင် နိုင်တော့ သဖြင့် အလုပ်မှ ထွက်သွားပြီး မရွှေစင် မှာလည်း ထွက်ပြေး သွားခဲ့ကြောင်း ၊ ထို့နောက် ဆိုင်တွင် ၄င်း တစ်ဦးတည်းသာ ကျန်ရှိပြီး အမျိုးသား တစ်ဦးနှင့် ပြည့်တန်ဆာ လုပ်ငန်း ခိုင်းစေရန် ကြံစည် နေသည်ကို ကြားသိ ခဲ့ရသဖြင့် ဆိုင်မှ ထွက်ပြေး လာစဉ် အမျိုးသား ၂ ဦးနှင့် တွေ့ရှိကာ အကူအညီ တောင်းခံ ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် ဒေါ်တိုးတိုးအောင် ကို တာချီလိတ် မြို့မ ရဲစခန်း က (ပ) ၁၅၄/ ၂၀၁၄ လူကုန်ကူး ၂၄ အရ အမှုဖွင့် အရေးယူလျက် ရှိကြောင်း သိရှိရသည်။ (၄၀၅)
#PyiChitThar
http://pyichit-thar.blogspot.com/2014/07/blog-post_24.html
သစ်ထူးလွင်



