ယခုဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် လိုအပ်သည့်ဆေးဝါးများ ၀ယ်ယူရန် အစိုးရက ကျပ်သန်းပေါင်း ၂၀၀၀၀ ပေးရန် လျာထား

hnm | 月曜日, 8月 18, 2014 |


ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနရှိ ဆေးဆိုင်တွင်ဆေးဝယ်ယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်


ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် လိုအပ်သည့်ဆေးဝါးများ ၀ယ်ယူရန် အစိုးရက ကျပ်သန်းပေါင်း ၂၀၀၀၀ လျာထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများတွင် အသုံးပြုရန် Drip, Drip Set များ၊ ဆေးထိုးပိုက်များ၊ ဂွမ်း၊ ပတ်တီး၊ အရက်ပြန်နှင့် ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်းသုံး လုပ်ငန်းပစ္စည်းများ ၀ယ်ယူနိုင်ရန် သက်ဆိုင်ရာ မြို့နယ်ဆေးရုံများသို့ ရန်ပုံငွေ ကျပ်သန်း ၁၆၆၁ ခွဲဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးဦးစီးဌာနအောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ပြည်သူ့ဆေးရုံကြီးများ အပါအ၀င် ကျေးလက်ကျန်းမာရေး ဌာနခွဲများအတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခွင့်ပြုထားသည့် ဆေးဝါးများ ၀ယ်ယူလျက်ရှိကြောင်း သိရသည်။

လိုအပ်သည့်ဆေးဝါးများ ၀ယ်ယူရန်အတွက် ပြည်တွင်းရှိ ဆေးကုမ္ပဏီများကို တင်ဒါခေါ်ရန် လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် အသုံးပြုရန်အတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆေးဝါးများဝယ်ယူရန် တင်ဒါခေါ်လုပ်ဆောင်ခဲ့သည့် ဆေးရုံများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများအနက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေရောဂါကုဆေးရုံနှင့် သင်ကြားရေးဆေးရုံကြီး (မြောက်ဥက္ကလာ)၊ ရန်ကင်းကလေးဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)၊ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီး၊ မျက်စိရောဂါ အထူးကုဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ဝေဘာဂီ)တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ပြည်သူ့ဆေးရုံကြီးများဖြစ်သည့် နေပြည်တော်နယ်မြေအတွင်းရှိ ခုတင် ၁၀၀ ဆံ့ ဆေးရုံများ၊ ခုတင် ၅၀ ဆံ့ဆေးရုံများ၊ ၂၅ ခုတင်ဆံ့ဆေးရုံများ၊ အထွေထွေရောဂါကုဆေးရုံကြီး(ပုသိမ်)၊ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအောက်ရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးများ (ပဲခူး၊ တောင်ငူ၊ ပြည်)နှင့် ခုတင် ၁၀၀ ဆံ့ဆေးရုံ၊ ခုတင် ၅၀ ဆံ့ဆေးရုံ၊ ၂၅ ခုတင်ဆံ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများ၊ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအောက်ရှိ ခရိုင်/မြို့နယ်ဆေးရုံများ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) စသည်တို့ပါဝင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်အလိုက်စီမံကိန်းအရ ဦးစားပေးအစီအစဉ်အတိုင်း ဆေးရုံဆေးခန်းများအား အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် ဆရာဝန်၊ သူနာပြု၊ သားဖွားနှင့် ကျန်းမာရေးဝန်ထမ်းများအား ခန့်ထားပေးခြင်း၊ ဆေးပစ္စည်းကိရိယာများကို ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ခွဲဝေရရှိသော ဘဏ္ဍာငွေများ သုံးစွဲရေးအတွက် ခွဲဝေမှုစာရင်းအရ ၀န်ကြီးရုံးအတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၆၆၈ ဒသမ ၀၉၉၊ ကျန်းမာရေးဦးစီးဌာနအတွက် ကျပ်သန်းပေါင်း ၅၆၉၈၉၇ ဒသမ ၅၇၆၊ ဆေးသိပ္ပံပညာ ဦးစီးဌာနအတွက် ကျပ်သန်းပေါင်း ၄၉၇၄၉ ဒသမ ၃၉၇၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနအတွက် ကျပ်သန်းပေါင်း ၂၂၄၀၀ ဒသမ ၃၇၈၊ ကျန်းမာရေးစီမံကိန်း ဦးစီးဌာနအတွက် ကျပ်သန်းပေါင်း ၁၇၉၄ ဒသမ ၄၁၁၊ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) အတွက် ကျပ်သန်းပေါင်း ၃၃၇၅ ဒသမ ၀၃၇၊ ဆေးသုတေသနဦးစီးဌာန (အထက်မြန်မာပြည်) အတွက် ကျပ်သန်းပေါင်း ၁၁၆၆ ဒသမ ၁၃၈၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် ကျပ်သန်းပေါင်း ၃၆၉၃ ဒသမ ၅၅၃ နှင့် စုစုပေါင်း ဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း ၆၅၂၇၄၄ ဒသမ ၅၈၉ ရှိကြောင်း သိရသည်။


အိသဉ္ဇာကျော်
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ