ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ခရီးသွားထောက်ခံစာ ဘန် ကောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ ထုတ်ပေးမည်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ခရီးသွားထောက်ခံစာကို ဘန် ကောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ ထုတ်ပေးမည်ဟု မြန်မာအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်သည်။
အထောက်အထား မပြည့်စုံသော အလုပ်သမားများအနေဖြင့် ထိုင်းအစိုးရက ထုတ်ပေးသော ပန်းရောင် အလုပ်သမား လက်မှတ်(ဘတ်)နှင့် ခရီးသွား ထောက်ခံစာ (Travel document) ယူဆောင်၍ နေရပ်ပြန်ကာ မြန်မာနိုင်ငံသားစိစစ်ရေး မှတ်ပုံတင်နှင့် သန်းခေါင်းစာရင်း ရယူရန် သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ပြောသည်။
“ဘတ်ကိုင်ထားတာ မှန်တယ်။ သို့သော် အထောက်အထား မပြည့်စုံဘူးဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။ ပြန်ပြီး လုပ်တဲ့အခါ ကျနော်တို့ နယ်စပ်စခန်းတွေမှာ ခရီးသွားတဲ့အခါ အဆင်ပြေအောင် လမ်းမှာ အဖမ်းအဆီး မရှိအောင် ကျနော်တို့ ကြေငြာခြင်း ဖြစ်ပါတယ်” ဟု ဦးသိန်းနိုင်က မဇ္စျိမကို ပြောသည်။
တရားမဝင်ရောက်ရှိလာသော အလုပ်သမားများသည် ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ပန်းရောင် အလုပ်သမား လက်မှတ်၊ မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရှိပါက မြန်မာနိုင်ငံသားစိစစ်ရေးအတွက် ကိုယ်ရေး အချက် ၂၇ ချက်ကို ဖြည့်သွင်း၍ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းများတွင် သာမန်နိုင်ကူးလက်မှတ်များကို ထုတ်ယူနိုင်မည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လကတည်းက ထုတ်ပေးနေသော ပန်းရောင်အလုပ်သမား လက်မှတ်(ဘတ်) ကိုင်ဆောင် ထားသူများလည်း တစ်နေရာနှင့် တစ်နေရာ သွားလာခွင့်ရမည်ဖြစ်ပြီး အလုပ်သမားများ နေရပ်သို့ ပြန်မည်ဆိုပါက သံရုံး၏ ထောက်ခံချက် ရယူ၍ ပြန်နိုင်မည်ဟု သြဂုတ် ၁၃ ရက်ကပင် အလုပ်သမား အဖွဲ့အစည်းများကို ခေါ်ယူ၍ ရှင်းပြခဲ့ခြင်းဖြစ်သည်။
“ဦးသိန်းနိုင်က ထိုင်းအစိုးရနဲ့ သဘောတူညီလိုက်ပြီ အခုရိုက်တဲ့ အပန်းရောင်ကဒ်တွေ နယ်ကျော်လို့ မရဘူးလို့ သတ်မှတ်ထားတဲ့ဟာလဲ တစ်နိုင်ငံလုံးသွားလို့ ရပြီလို့ ပြောတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ အထွေထွေအတွင်းရေးမှူး ကိုခိုင်ကြီးက ပြောသည်။
အလုပ်သမားများသည် ထောက်ခံချက်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာနိုင်သည်။ သို့သော် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် မြန်မာနိုင်ငံ လဝက မှ တုံးထုပေးရန် အလုပ်သမား၏ မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုမိတ္တူများ ပါရှိရမည် ဖြစ်ကြောင်း သူက ဆိုသည်။
ထို့ပြင် အဆိုပါ သံရုံး၏ ထောက်ခံချက်ရရှိရန် အလုပ်သမားတစ်ဦးလျှင် တကြိမ်သာ အခွင့်အရေး ရရှိမည်ဖြစ်ပြီး လက်ရှိ အလုပ်သမားများ သာမန်နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံသား မှတ်ပုံတင်နှင့် အိမ်ထောင်စု မရှိသူများအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကိုခိုင်ကြီးက ပြောဆိုသည်။
“အလုပ်သမားတွေက ပြန်မယ်ဆိုရင် သေချာတာက မြန်မာငွေ တသိန်းလောက် ထိုင်းမှာ ကုန်တယ်။ အဲဒီအတွက် အကျိုးပြုတယ်။ အဲဒီထောက်ခံချက်က ပန်းရောင်လက်မှတ်ရဲ့ သက်တမ်းကုန်သည့်အထိ အသုံးပြုနိုင်တယ်၊ မှန်ပုံတင်ပြန်ယူခိုင်းတာဘဲ။ လူကုန်ကူးမှုတွေ ပပျောက်အောင်လုပ်ပေးတာ”ဟု သူက ဆက်ပြောသည်။
သာမန်နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးရန်အတွက် မြန်မာနိုင်ငံမှတ်ပုံတင်နှင့် အိမ်ထောင်စုရရှိရေးအတွက် မြန်မာသံရုံးမှ တရားဝင် ဖြတ်သန်းသွားလာခွင့် ရရှိရေးလုပ်ဆောင်ပေးခြင်းသည် ကောင်းသည့် လက္ခဏာဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဌ ဦးအောင်ကျော်က ပြောသည်။
ထိုင်းအစိုးရ ပြုလုပ်ပေးနေသော ပန်းရောင် အလုပ်သမားလက်မှတ်(ဘတ်)မှ နိုင်ငံကူးလက်မှတ် လုပ်ပေးရန်အတွက် ပြုလုပ်ရန် မြန်မာနိုင်ငံသား မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မရှိသဖြင့် အလုပ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေရသည်။
ထိုင်းအစိုးရက ပြီးခဲ့သည့် ဇွန်လမှစတင်ထုတ်ပေးနေသော တစ်လ မှ တစ်နှစ် သက်တမ်းထိရှိသော ပန်းရောင် အလုပ်သမားလက်မှတ်(ဘတ်)ကို ထိုင်းတစ်နိုင်ငံလုံးတွင် လာမည့် အောက်တိုဘာလထိ ထုတ်ပေးသွားရန် ကြေငြာထားသည်။
ဖနိဒါ
Mizzima News
Category: bcjpnoa, bcjpnob, News, winnaingoo



