တူးတူးအသာစီး ထိုးသတ်နိုင်ခဲ့သော်လည်း စောငမန်း ချန်ပီယံဆု ကာကွယ်နိုင်ခဲ့

မြန်မာပြည်ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး ယှဉ်ပြိုင်ထိုးသတ် တူးတူးအသာစီး ထိုးသတ်နိုင်ခဲ့ သော်လည်း စောငမန်း ချန်ပီယံဆု ကာကွယ်နိုင်ခဲ့
မြန်မာပြည်ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ စိန်ခေါ်သူ တက်သစ်စ လူငယ်လက်ဝှေ့ကျော် တူးတူး အသာ စီးထိုးသတ်နိုင်ခဲ့သော်လည်း ဝါရင့် လက်ရှိ မြန်မာပြည်ချန်ပီယံ စောငမန်း ချန်ပီယံဆု တံဆိပ်ကို ကာကွယ်နိုင်ခဲ့ သည်။
ယနေ့ ယှဉ်ပြိုင်ထိုးသတ်သည့် မြန်မာပြည်ချန်ပီယံလုပွဲ အထူး စိန်ခေါ်ပွဲကြီးဖြစ်သည့် လက်ရှိ ရွှေခါးပတ်ချန်ပီယံ စောငမန်းနှင့် မြန်မာ့လက်ဝှေ့လောကတွင် ရှုံးပွဲမရှိ သေးသည့် တက်သစ်စလူငယ် ရွှေ ခါးပတ်ချန်ပီယံ တူးတူး (နဂါးမာန်)တို့ ယှဉ်ပြိုင်ထိုးသတ်သည့်ပွဲတွင် တူတူး(နဂါးမာန်)က ပထမအချီနှင့် ဒုတိယအချီတို့တွင် ချန်ပီယံအရှိန် အဝါရှိသည့် စောငမန်းကို ဖွင့်မထိုးရဲ ဘဲ သတိ၊ အသိယှဉ်ပြီး လက်ဝှေ့ သမား ပီသစွာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ သည်။ တတိယအချီပြန်အစတွင် လက်ဝှေ့ပရိသတ်၏ အားပေးမှုဖြင့် တူးတူး(နဂါးမာန်) သူတင်ကိုယ်တင် ဖွင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပွဲမှာပိုမို ကြည့်ကောင်းလာပြီး အကိုင်အပေါက် သန်လှသည့် စောငမန်းပင် ပြန်လည် ၍ ကိုင်ပေါက်ခံခဲ့ရသည်။ ထို့နောက် သက်လုံကောင်းပြီး တက်သစ်စလူငယ် လည်းဖြစ်သည့် တူးတူး(နဂါးမာန်)သည် လက်ရှိချန်ပီယံ၏ အားနည်း ချက်ကိုသိဟန်ဖြင့် ပညာပါပါ တရစပ် ဘယ်။ညာထောက်၊ ဖြောင့်လက်သီး များကိုသုံးလာပြီး ရံဖန်ရံခါ ဝိုက် လက်သီးများကိုပါ အသုံးပြုလာသဖြင့် လက်ရှိချန်ပီယံ စောငမန်း(ရွှေးဖူး) မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရ သည်။ စတုတ္ထအချီနှင့် နောက်ဆုံးအချီ တို့တွင် တူးတူး( နဂါးမာန်)အား တူးတူး ဖွင့်ထိုး၊ လိုက်ထိုးဟေ့ ဆိုသည့်ပရိသတ်များ၏ အားပေးမှုကြောင့် တူးတူးက လိုက်လံထိုးသတ်ခဲ့သော် လည်း လက်ရှိမြန်မာပြည်ချန်ပီယံ စောငမန်း(ရွှေဖူး)က ရွှေတံဆိပ် ဆုကြီးကို ကာကွယ်လိုက်နိုင်ခဲ့သည်။
ထို့နောက် ယှဉ်ပြိုင်ထိုးသတ် သည့် မြန်မာပြည်ချန်ပီယံ ရိုးရာလက် ဝှေ့စိန်ခေါ်ပွဲကြီးတွင် မြန်မာပြည် ချန်ပီယံတွဲဆိုင်းများနှင့် တက်သစ်စ မြန်မာလူငယ် လက်ဝှေ့ချန်ပီယံများ ယှဉ်ပြိုင်ထိုးသတ် ချန်ပီယံလုသည့် ငါးချီအထူးတွဲဆိုင်းများ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြရာ စောရွှေကျော်(ရွှေ ဖူး) နှင့် စောလယ်ဖွယ်ထူး(T & T)တို့ပွဲတွင် ငါးချီပြီးဆုံးသည်အထိအနိုင် အရှုံးမပေါ်ဘဲ သရေဖြင့်လည်း ကောင်း၊ သားအသဲတစ်ပွင့်(စွမ်းကေ ကေ)နှင့် အားမာန်(T & T)တို့ပွဲတွင် သားအသဲတစ်ပွင့်က ဘယ်၊ ညာ ထောက် လက်သီးများဖြင့် အသာစီး ထိုးသတ်နိုင်ခဲ့သော်လည်း ငါးချီပြည့် သည်အထိ အရှုံးအနိုင်မပေါ်ခဲ့ပေ။ ထို့နောက် ဖိုးလပြည့်(ရွှေဖူး)နှင့် စော အယ်လေး(ထော့မဲ့ပါ)တို့ပွဲတွင် စော အယ်လေး ဒုတိယအချီ ၂ မိနစ် ၄၇ စက္ကန့်တွင် ဖိုးလပြည့်(ရွှေဖူး)၏ ဘယ် ဒူးတိုက်ချက်ဖြင့် အနားတောင်းခဲ့ သော်လည်း ဆက်လက်မယှဉ်နိုင် တော့ဘဲ ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရပြီး ကျားပေါက် (ရွှေသောင်းရင်း)နှင့် ရဲတံခွန်(အလင်းရောင်)တို့ ပွဲတွင် ကျားပေါက်(ရွှေသောင်းရင်း) က အသာစီး ထိုးသတ်နိုင်ခဲ့သော်လည်း သရေကျခဲ့ပြီး ရဲရင့်အောင်(နဂါးမာန်)နှင့် စောဂပရေမှူး(ထော့မဲ့ပါ)တို့ပွဲ တွင် ရဲရင့်အောင် (နဂါးမာန်)က တစ် ဖက်သတ်သာ အသာစီးဖြင့်ထိုးနိုင်ခဲ့၍ စတုတ္ထမြောက်အချီ ၂ မိနစ် ၁ စက္ကန့် တွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ထွန်းထွန်း (ဝါဆို)နှင့် စိန်ခေါ်သူ စောဂေါ်မူတို (သတ္တိ)တွဲဆိုင်းတွင် ခံနိုင်ရည်ရှိပြီး လက်သီး အားပြင်းထန်သည့် စောဂေါ်မူတိုက ဒုတိယအချီ ၂ မိနစ် ၃ဝ စက္ကန့်မှာပင် လက်ဝှေ့သမ္ဘာရင့် ထွန်းထွန်း(ဝါဆို) ၏ ဘယ်မေးအောက်ကို ပြင်းထန်လှ သည့် ညာထောက်လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး ပွဲသိမ်းအနိုင်ယူခဲ့ သည်။
(မြန်မာ့အလင်း)
သစ်ထူးလွင်



