လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး ပြည်ပတင်ပို့သည့် ပို့ကုန်များအနက် ၀င်ငွေအများဆုံးဖြစ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး ပြည်ပသို့တင်ပို့သည့် ပို့ကုန်များအနက် ၀င်ငွေအများဆုံး ရရှိထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၁၃၂၂ ဒသမ ၁၂၁ သန်း ရရှိခဲ့သည့်အနက် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ဒေါ်လာ ၁၀၈၁ ဒသမ ၉၇၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၂၄၀ ဒသမ ၁၄၄ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ပသို့ ပို့ကုန်များ တင်ပို့ရာတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိငွေမှာ အခြားပို့ကုန်များ တင်ပို့မှုမှ ရရှိငွေထက် များပြားခဲ့ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိငွေမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလ တင်ပို့မှုမှ ရရှိငွေထက် ဒေါ်လာသန်း ၂၀၀ နီးပါး ပိုမိုရရှိထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သဘာဝဓာတ်ငွေ့တင်ပို့မှု ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း၊ တိရစ္ဆာန်ထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း စသည့်ကဏ္ဍများခွဲကာ တင်ပို့နေကြောင်း သိရသည်။
စက်မှုကုန်ချောအုပ်စုတွင် သဘာဝဓာတ်ငွေ့အပါအ၀င် ချုပ်ပြီးအထည်များ တင်ပို့ခြင်းများ ပါဝင်ကြောင်း သိရသည်။
လေးလကျော် ကာလအတွင်း ပို့ကုန်တင်ပို့မှု စုစုပေါင်း ဒေါ်လာ ၃၄၄၇ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သဘာဝဓာတ်ငွေ့တစ်မျိုးတည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ပြီး မြန်မာနိုင်ငံမှတင်ပို့သည့် ပို့ကုန်ပစ္စည်းများတွင် သဘာဝဓာတ်ငွေ့မှ ၀င်ငွေအများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း စိးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
လက်ရှိ သြဂုတ်လအတွင်းတွင်လည်း ထိုင်း PTTEP ကုမ္ပဏီမှ ဆောင်ရွက်နေသည့် မြန်မာ့ကမ်းလွန်လုပ်ကွက် ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ထိုင်းနိုင်ငံသို့ သြဂုတ် ၅ ရက်က စတင်တင်ပို့ခဲ့ပြီး တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၄၀ ပို့လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသီဟဇော်
EMG
Category: bcjpnoa, bcjpnob, News, winnaingoo



