ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်မှု လျစ်လျူမရှုသင့်ကြောင်း ဒေသခံများ ပြောကြား

hnm | 木曜日, 8月 14, 2014 |



မကွေး တိုင်းဒေသကြီး မကွေးမြို့ ဧရာဝတီ မြစ်ကမ်းပါးအနီး ရပ်ကွက်များမှ မြစ်အတွင်း နေ့စဉ်အမှိုက် စွန့်ပစ်မှု များရှိနေပြီး ပြည်သူ အချင်းချင်း တားမြစ်ဟန့်တားမှု မရှိခြင်း၊ ဒေသဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ထိရောက်စွာ ထိန်းသိမ်း အရေးယူမှုများ မရှိခြင်းကြောင့်၊ ကမ်းနားလမ်း သာယာလှပမှုကို အကျည်းတန်စေသည့် အပြင် ပျက်စီးရန် မလွယ်ကူသော ပလတ်စတစ်ကဲ့သို့သော အမှိုက်များ မြစ်အတွင်း ရောက်ရှိခြင်းကြောင့် ရေထုညစ်ညမ်းကာ ရေနေ သတ္တဝါများမျိုးသုဉ်းမှု အန္တရာယ်မှ တစ်ဆင့် ဂေဟစနစ် ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို လျစ်လျူ မရှုသင့်ကြောင်း မကွေး ဒေသခံများထံမှ သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစ်ချောင်းများ အတွင်း အမှိုက် စွန့်ပစ်ခြင်းကြောင့် မြစ်၏မျက်နှာပြင် မြင့်တက်လာစေပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ သဘာဝ ဘေးအန္တရာယ်များ ကျရောက်နိုင်သည့် အတွက် မြစ်အတွင်း အမှိုက်စွန့်ပစ်မှုများ မပြုလုပ်ရန် သတိပေး တားမြစ်ချက်များ ထုတ်ပြန်ထားရှိပြီး ဖြစ်သည်။ မကွေးမြို့နယ် စည်ပင် သာယာရေး အဖွဲ့မှလည်း အမှိုက်သိမ်း ယာဉ်များဖြင့် စွန့်ပစ်အမှိုက်များကို လိုက်လံ သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

"စည်ပင်က အမှိုက်သိမ်း ယာဉ်တွေတော့ လာပါတယ်။ ဒါပေမယ့် အမှိုက်သိမ်းနိုင်တဲ့ ပမာဏထက် ပိုများနေ တော့ မီးရှို့တာတွေ၊ ရေမြောင်းတွေထဲ အမှိုက်ပစ်တာတွေ၊ မြို့စွန်မြို့ဖျားအထိ ထော်လာဂျီ၊ သုံးဘီးတွေငှားပြီး အမှိုက်ပစ်တာတွေ တွေ့ရပါတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အချို့နဲ့ မြစ်ကမ်းနား နီးတဲ့သူတွေကလည်း မြစ်ထဲကို အလွယ်တကူ အမှိုက်ပစ်ကြပါတယ်။ ဒါပေမယ့် စည်းကမ်းမဲ့ အမှိုက်ပစ်တာနဲ့ ပတ်သက်ပြီး တားတဲ့သူလည်း မရှိဘူး။ အရေး ယူမယ့်သူလည်း မရှိဘူး" ဟု မကွေး ဒေသခံတစ်ဦးက ပြောသည်။

မြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းကြောင့် ရေသယံဇာတ အဆိပ်သင့်ခြင်း၊ ရေမျက်နှာပြင် မြင့်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြင်း၊ ရေလမ်းသွား စက်တပ်ယာဉ်များ၌ အနှောင့်အယှက် ကြုံနိုင်ခြင်းတို့ အပြင် ဧရာဝတီမြစ်တစ်လျှောက်ရှိ မြို့ကြီးများ၏ သာယာ လှပမှုကို အကျည်းတန်စေကြောင်း ဒေသအရေး စိတ်ပါဝင်စားသူများက သုံးသပ် ပြောဆိုလျက်ရှိပြီး ဧရာဝတီမြစ် အတွင်း အမှိုက် စွန့်ပစ်မှုအား သာမန် ကိစ္စတစ်ခု အဖြစ် လျစ်လျူမရှုသင့်ကြောင်း ဒေသခံများထံမှ သိရသည်။

MOI Webportal Myanmar
သစ်ထူးလွင်

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ