ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သြဂုတ် ၁၃ ရက်တွင် စတင်ကျင်းပ

ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သြဂုတ် ၁၃ ရက်က စတင်ကျင်းပစဉ်
ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို ဩဂုတ် ၁၃ ရက် တွင် စတင်ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါလွှတ်တော်အတွင်းသို့ တက်ရောက်ခွင့်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦးအနက် ၃၈ ဦး တက်ရောက်ခဲ့ပြီး ၁ဝ ဦးမှာခွင့်တိုင်ကြားထားခဲ့ကြောင်းသိရသည်။
လွှတ်တော်ပထမပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရ၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် နောက်လာ မည့်ကာလအတွင်း ဆောင်ရွက်ရန် သတ်မှတ်ထားချက်များကို တင်ပြခဲ့သည်။ ယင်းသို့ တင်ပြရာတွင် လမ်းတံတားဆောက်လုပ်ရေး အတွက်သုံးစွဲခဲ့သော ငွေပမာဏများ၊ ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အဆောက်အုံများဆောက်လုပ်ခြင်း လုပ်ငန်းများအတွင်း သုံးစွဲခဲ့သောငွေကြေးပမာဏများနှင့် လျှပ်စစ်မီးအတွက် သုံးစွဲထားသော ငွေပမာဏများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
“ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် ရခိုင်ဒေသခံများအနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်တယ်။ ရခိုင်ပြည်နယ် ရဲ့အနာဂတ်ဟာ ရခိုင်ပြည်သူတွေရဲ့လက်ထဲ မှာသာ ရှိပါတယ်။ ပြည်နယ်တွင်း တည်ငြိမ် အေးချမ်းမှသာလျှင် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ ကျွန်တော့်အနေဖြင့်လည်း ရခိုင်တိုင်းရင်းသားများရဲ့အကျိုးစီးပွားကို အလေး ထားဆောင်ရွက်မှာ ဖြစ်တယ်။ ဒါကြောင့် အားလုံး စည်းလုံးညီညွတ်ဖို့လိုတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်ချက် တွေကိုလည်း ထင်သာမြင်သာရှိအောင် ဆောင်ရွက်နေပါတယ်။ မကြာခင်ကာလမှာဆိုရင် မြို့တော်အင်္ဂါရပ်နှင့်ညီအောင် ကျေးလက်ဒေသမှာလည်း ကျေးရွာများနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။ ထို့အပြင် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်ပြီး စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်းများနှင့် စက်မှုဇုန်များတည်ဆောက်မည့် အစီအစဉ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
“အခုဆိုရင် ခရိုင်အလိုက် လူမှုစီးပွားရေးဘဝ တိုးတက်မြှင့်တင်ရေးအတွက် မျက ခြည်မပြတ် ဆောင်ရွက်နေပါတယ်။ တစ်ဦးချင်းဝင်ငွေ ကျပ် ၈၂၂၁၈၃ မှ တိုးတက်ပြီး ၈၅၆ဝဝဝ ကျော် ဖြစ်အောင်ဆောင်ရွက်သွား မယ်ပြောပါတယ်။ ကျောက်ဖြူ စက်မှုဇုန်နဲ့ ပုဏ္ဏားကျွန်း စက်မှုဇုန် ကိစ္စကိုလည်း ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အလုပ် အကိုင်ရရှိမှု တိုးတက်မှုနှုန်းမှာလည်း တိုး တက်မှုဖြစ်ပေါ်လာပါတယ်။ လျှပ်စစ်ကဏ္ဍဟာလည်း မကြာခင် မဟာဓာတ်အားလိုင်း စစ်တွေထိ ရောက်လာနိုင်တော့မယ် ဖြစ်ပါ တယ်။နိုင်ငံခြားငွေ ပြည်တွင်းသုံးငွေ အမြောက် အမြားသုံးထားပါတယ်။ သဘာဝဓာတ်ငွေ့ ဖြင့် ၄ မဂ္ဂဝပ်ထုတ်ပြီး ကျောက်ဖြူဒေသမှာ လျှပ်စစ် ဖြန့်ဖြူးနေပြီဖြစ်သလို မကြာခင် မဂ္ဂဝပ် ၁ဝဝ စက်ရုံတည်ဆောက်ဖို့ရှိတယ်။ ရခိုင်ပြည်၏ လျှပ်စစ်မီးလင်းရေးဆောင်ရွက် ချက်နဲ့အတူ မြို့နယ်ကျေးလက်ဒေသ စက်မှု လုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်နေပါ တယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမောင် မောင်အုန်းကတင်ပြခဲ့သည်။ ရခိုင်ပြည်နယ် လွှတ်တော် ပထမနေ့အတွင်း ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေမှုကြမ်းကို ဥပဒေမူကြမ်းရေးဆွဲရေး အဖွဲ့မှ လွှတ်တော်သို့တင်သွင်းခဲ့ရာ လွှတ်တော်မှ အတည်ပြုခဲ့ကြောင်းလွှတ်တော်ကိုယ် စားလှယ်များထံမှ သိရသည်။ ယင်းသို့ တင်ပြခြင်းအပေါ် လာမည့်နှစ်ပတ်ခန့်တွင် ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဩဂုတ် ၁၃ ရက်တွင် ကျင်းပသော ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် စာသင်ကျောင်းများ ဆောက်လုပ်ရန် ရှိမရှိနှင့် အဆောက်အဦများ၊ လမ်းတံတားများ ဖောက်လုပ်မည့်အစီအစဉ်များနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့မှ တင်ပြခဲ့ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်းလှိုင်(စစ်တွေ)
EMG



