ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အချိန်မီစတင်နိုင်ရန်အတွက် ပျက်စီးမှုအခြေအနေများကို World Monuments Fund မှ မှတ်တမ်း ထပ်မံကောက်ယူမည်

hnm | 木曜日, 8月 14, 2014 |


ရတနာပုံခေတ်နှောင်းပိုင်းလက်ရာ ရွှေနန်းတော်ကျောင်းအား လာရောက်လေ့လာနေသော ကမ္ဘာလှည့်ခရီးသည်များနှင့်အတူ တွေ့ရစဉ်


အမေရိကန်အစိုးရ၏ နည်းပညာအကူအညီဖြင့် ရွှေနန်းတော် ကျောင်းပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ အချိန်မီ စတင်နိုင်ရန်အတွက် ပျက်စီးမှုအခြေအနေများအား World Monuments Fund မှ ထပ်မံမှတ်တမ်း ကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

ရတနာပုံခေတ်နှောင်းပိုင်း လက်ရာတစ ခုဖြစ်သည့် ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင် ကာ ပျက်စီးမှုအပိုင်းများအား လေ့လာမှတ် တမ်းပြုစုမှုများ လုပ်ဆောင်ခဲ့သည်။ ယင်း နောက် ဧပြီအတွင်း၌ သုံးဘက်မြင်ပုံရိပ်ဖမ်း စက်များဖြင့် ပျက်စီးယိုယွင်းမှု အပိုင်းများအား မှတ်တမ်းရယူမှုများ ပြုလုပ်ခဲ့ပြီးနောက် လာမည့်စက်တင်ဘာနှင့် အောက်တိုဘာအတွင်း၌ ထပ်မံလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သတင်းရရှိသည်။

“ရွှေနန်းတော်ကျောင်းကို ပြုပြင်ထိန်းသိမ်းမှုတွေ စတင်နိုင်ဖို့အတွက် ပျက်စီးမှုအပိုင်းတွေကို ထပ်မံမှတ်တမ်းပြုစုဖို့ လာရောက် မှာပါ။ ရွှေနန်းတော်ကျောင်းအတွင်း ရေစီးရေလာ စနစ်တွေကို လေ့လာဖို့နဲ့ ပျက်စီးမှုအပိုင်းတွေကို လေ့လာဖို့အတွက် လာရောက်မှာပါ” ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွှေနန်းတော်ကျောင်းအား စတင်ပြုပြင်ထိန်းသိမ်းမှုများကို ယခုနှစ်ကုန်ပိုင်းနှင့် ၂ဝ၁၅နှစ်ဆန်းပိုင်းတို့တွင် စတင်သွားနိုင်ရန် စီစဉ်ထားကြောင်း World Monuments Funမှ ထုတ်ပြန်ထားပြီး ပြုပြင်ထိန်းသိမ်းရာတွင်လည်း မူလလက်ရာများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မြန်မာဗိသုကာပညာရှင်များ၊ အမေရိကန်ပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ပညာရှင်များပါ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြုပြင်ထိန်းသိမ်းရာတွင် ရေကြောင့်ဆွေးမြေ့ပျက်စီးခြင်းများ၊ သစ်သားဆွေးမြေ့ပျက်စီးမှုများကို ပုံရိပ်ဖမ်းယူမှတ်တမ်းပြုစုခြင်းနှင့် မီးဘေးရန်မှကာ ကွယ်ပေးနိုင်သည့်နည်းစနစ်များ စသည့်နည်းပညာများဖြင့် မူလလက်ရာမပျက်ပြုပြင်ထိန်းသိမ်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရန်အတွက် အမေရိကန်အစိုးရမှဒေါ်လာငါးသိန်းကူညီမည်ဖြစ်သည်။


ဌေးလှအောင်
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ