မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ဆန်နှင့်ပြောင်း တရုတ်သို့ တရားဝင်တင်ပို့ခွင့်ရရှိရေးနှင့် မြန်မာပို့ကုန် ၉၇ ရာခိုင်နှုန်းအား အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရေး လာမည့်စက်တင်ဘာတွင် နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုမည်

hnm | 木曜日, 8月 14, 2014 |



တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓိကပို့ကုန်များဖြစ်သည့် ဆန်နှင့်ပြောင်းအား တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် လာမည့်စက်တင်ဘာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သြ ဂုတ် ၁၂ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသည့် အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံမှ အရည်အသွေးစစ်ဆေးရေးအဖွဲ့အစည်းဖြစ်သည့် AQSIQ (Administration of Quality Supervisi on, Inpection and Quarantine) အဖွဲ့မှ မြန်မာ့ပို့ကုန်များ၏ အရည်အသွေးအား စက်တင်ဘာလအတွင်း လာရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း နှင့် ယင်းကဲ့သို့ စစ်ဆေးမှုအား အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စသည်တို့မှ တာဝန်ရှိသူများပါဝင်သည့် AQSIQ အကောင်အထည်ဖော်ရေးကော်မတီကို မကြာမီဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“စက်တင်ဘာထဲမှာ AQSIQ ကို ဖိတ်ထားပြီးပြီ။ အဓိက က AQSIQ နဲ့ အရည်အသွေးနှင့်ပတ်သက်သည့် စာချုပ်ချုပ်ရမယ်။ ဒီလထဲမှာပိုပြီးတော့ မြန်အောင်ဆိုပြီး AQSIQ နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းမယ်။ အဓိက က လယ်/ဆည်ပါမယ်။ စီးပွား/ကူးသန်းပါမယ်။ ဆန်ပါမယ် ပြောင်းပါမယ်၊ ပဲနှမ်းအသင်းပါမယ်။ လက်မှတ်ထိုးပြီးမှ တရားဝင်တင်ပို့ခွင့် ရမယ်။ Quota free အရေအတွက် သတ်မှတ်ချက်ကတော့ ပုံမှန်တစ်နှစ်ချင်းတင်ရမှာ။ ချက်ချင်းကြီးတော့ မရနိုင်သေးဘူး။ အခုဆိုရင် တရုတ်က မြန်မာကိုပေးတဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ကို အရင်က ၉၅ ရာခိုင်နှုန်းပေးတယ်။ အခု အဲဒါကို နှစ်ရာခိုင်နှုန်းတိုးပြီး ၉၇ ရာခိုင်နှုန်းပေးပြီ။ အဲဒါ ဒီနှစ်ကစပြီးပေးပြီ။ မကြာခင်မှာ စာချုပ်ချုပ်တော့မယ်။ အဲဒါလည်း စက်တင်ဘာလထဲမှာ ချုပ်တော့မယ်။ အဲဒီစာချုပ်တွေပြီးရင်တော့ မြန်မာက ပို့ကုန်ရဲ့ ၉၇ ရာခိုင်နှုန်းဟာ အကောက်ခွန်ကင်းလွတ်ခွင့် ရရှိသွားမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးဒေါက်တာမောင်အောင်က ပြောပြခဲ့သည်။

မြန်မာနိုင်ငံမှ ဆန်နှင့်ပြောင်း တရားဝင်တင်ပို့ခွင့်ရရှိရေး နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုပြီးပါက မြန်မာ့ဆန်နှင့်ပြောင်းကို တရားဝင်တင်ပို့ခွင့် ရရှိတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။


နီလာ
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ