ဝယ်လိုအားများနေသည့် MPT ဆင်းမ်ကတ် လေးလအတွင်း ငါးသန်းကျော် ရောင်းချမည်

hnm | 水曜日, 9月 03, 2014 |



ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့ပေါင်း ၂၄၀ ခန့်ရှိ မိုဘိုင်းဆိုင်များတွင် စက်တင်ဘာ ၁ ရက်မှ စတင်၍ ကျပ် ၁,၅၀၀ ဖြင့် အလွယ်တကူ ၀ယ်ယူနိုင်သည့် MPT ဆင်းမ်ကတ်များ တန်းစီစောင့်ဆိုင်းဝယ်ယူသည်အထိ ၀ယ်လိုအားများနေပြီး ၂၀၁၄ ခုနှစ်ကုန်အထိ လေးလအတွင်း ကတ်အရေအတွက် ငါးသန်းကျော် ရောင်းချရန် ပြင်ဆင်ထားသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက မဇ်္ဈိမကို ပြောသည်။
စက်တင်ဘာ ၁ ရက်က ရန်ကုန်တိုင်း၊ ပန်ဆိုးတန်းမြို့နယ် လမ်း ၄၀ ရှိ MPT ဆင်းမ်ကတ် ရောင်းချသည့် Elite  ဖုန်းဆိုင်တွင် ဆိုင်ပြင်ပမှ တန်းစီ စောင့်ဆိုင်းဝယ်ယူနေသူ ရာဂဏန်းအထိ ရှိနေသည်ကို မဇ်္ဈိမက တွေ့ရှိခဲ့ရပြီး ဆိုင်တံခါးကို ပိတ်ကာ တစ်ဦးဝယ်ယူပြီးမှ နောက်ထပ်တစ်ဦးကို ဆိုင်ထဲသို့ ၀င်ခွင့်ပေးသည့် ပုံစံမျိုးဖြင့် ရောင်းချနေသည်ဟု ဆင်းမ်ကတ်ဝယ်ရန် တန်းစီ စောင့်ဆိုင်းနေသူတစ်ဦးက ဆိုသည်။
၎င်းက “မနက် ဖုန်းဆိုင်မဖွင့်ခင်ကတည်း တန်းစီထားတဲ့သူတွေက တန်းစီနေပြီ။ ဆိုင်မှာ နေ့တိုင်းရောင်းမယ်လို့ ပြောတော့ မစောင့်နိုင်တဲ့ သူတွေက နောက်နေ့မှ လာဝယ်မယ်ဆိုပြီး ပြန်ကြတာလည်း ရှိတယ်။ တချို့ကတော့ ဆက်လက်တန်းစီပြီး စောင့်ဝယ်နေကြတယ်” ဟု ပြောသည်။
နေပြည်တော်ရှိ ဖုန်းဆိုင်အများစုတွင်လည်း MPT ဆင်းမ်ကတ်ကို ၀ယ်ယူသူ များပြားသောကြောင့် ဖုန်းငွေဖြည့်ကတ် ငါးထောင်ကတ်ဖြင့် တွဲဖက်ရောင်းချသည့် ပုံစံမျိုးဖြင့် ရောင်းချနေပြီး မန္တလေးတွင်မူ ငွေဖြည့်ကတ် တစ်သောင်းဖိုးနှင့် သုံးသောင်းဖိုးအထက် ၀ယ်ယူသူများကိုသာ MPT ဆင်းမ်ကတ် ရောင်းချပေးနေသည်။
နေပြည်တော်၊ သပြေကုန်းဈေးရှိ လက်လီအရောင်းဆိုင်တစ်ဆိုင်မှ ၀ယ်ယူခဲ့သူတစ်ဦးက “ဆင်းမ်ကတ်က ၁၅၀၀ ကျပ်ပဲ၊ ပိုမပေးရဘူး။ ဒါပေမဲ့ ငွေဖြည့်ကတ်နဲ့ တွဲပြီးဝယ်လိုက်ရတယ်”ဟု ဆိုသည်။
မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ တိုင်းမန်နေဂျာ ဦးစောထူးသာက “ဂျပန်ကုမ္ပဏီနှစ်ခုနဲ့ MPT ပူပေါင်းပြီး ခုလိုရောင်းချပေးတာ ဖြစ်ပါတယ်။ ကတ်ဝယ်ရင် ဘာဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိဘူး။ MPT က အရင်သတ်မှတ်ထားတဲ့အတိုင်း ဘာမှ မပြောင်းပါဘူး။ မကြိုက်ရင် မသုံးပါနဲ့လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
MPT ဆင်းမ်ကတ်များကို ရပ်ကွက်ရုံးတွင် မဲနှိုက်ရောင်းချပေးသည့် ပုံစံမှ မိုဘိုင်းဖုန်းဆိုင်တွင် စိတ်ကြိုက် ၀ယ်ယူနိုင်သည့် ပုံစံဖြင့် ရောင်းချပေးခြင်းကြောင့် သုံးဆွဲရန် စိတ်ဝင်စားသူများလာသော်လည်း မိုဘိုင်းဖုန်းခေါ်ဆိုခ များပြားနေဆဲဖြစ်သည်ဟု ဗိုလ်တထောင်မြို့နယ်မှ ကိုလွင်စိုးက ပြောသည်။
ယင်းအပြင် MPT ဆင်းမ်ကတ်များသည် မိုဘိုင်းအင်တာနက်အသုံးပြုမည်ဆိုပါက ကျပ်တစ်သောင်းဖြင့် အင်တာနက်လိုင်း ထပ်မံလျှောက်ထားရမည်ဖြစ်ပြီး ၎င်းနှင့် ဈေးကွက်ယှဉ်ပြိုင်မည့် အူရီးဒူးနှင့် တယ်လီနော၏ ဆင်းမ်ကတ်များတွင် ဆင်းမ်ကတ်ဝယ်ယူစဉ်ကတည်းပင် အင်တာနက်လိုင်း ထည့်သွင်းပေးထားမည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ စတင်ချထားပေးစဉ်က GSM ဆင်းမ်ကတ် တစ်ကတ်လျှင် ပြင်ပပေါက်ဈေး ကျပ်သိန်း ဆယ်ဂဏန်းအထိ ရှိနေပြီး နောက်ပိုင်းတွင် ငါးသိန်း၊ နှစ်သိန်းခွဲ၊ နှစ်သိန်းနှင့် တစ်ထောင့် ငါးရာကျပ်သို့ ဈေးနှုန်းကျဆင်းလာခြင်းဖြစ်သည်။
ကျပ် ၁,၅၀၀ တန် ဖုန်းများကို ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် စတင် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ရောင်းချရာတွင် ရပ်ကွက်ရုံးများမှတဆင့် မဲနှိုက်သည့်စနစ်ဖြင့် ရောင်းချပေးသောကြောင့် ပြင်ပဈေးကွက်တွင် ကျပ်တစ်သိန်းခန့်အထိ ပေါက်ဈေးရှိခဲ့သည်။

 စ,ချိုကို ၊ ၀င်းကိုကိုလတ်၊ မျိုးသန့်
Mizzima News

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ