သရေခေတ္တရာ ရှေးဟောင်းဇုံ သာယာလှပရေး ပြည်မြို့ လူမှုအဖွဲ့အစည်းများ ဆောင်ရွက်

hnm | 日曜日, 10月 19, 2014 |



အောက်တိုဘာလ ၁၈ ရက် အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသနနေ့တွင် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှ လူမှုအဖွဲ့ဝင်များသည် သရေခေတ္တရာ ရှေးဟောင်းဇုံ သာယာလှပရေးအတွက် မြက်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။


“ဒီနှစ်ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားပြီဆိုတော့ နိုင်ငံတကာရှေးဟောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှေးဟောင်းမြို့တော် ပတ်ဝန်းကျင် အနီးအနားက အမြင်မတော်တဲ့ အမှိုက်တွေ ခြုံပုတ်တွေ ရှင်းလင်းပေးတယ်။ ရှေးဟောင်းထိန်းသိမ်းရေး အပေါ်မှာလည်း ပံ့ပိုးရာရောက်တယ်”ဟု Sriksetra Heritage Trust အဖွဲ့မှ အတွင်းရေးမှူး (၂) ကိုကျော်သူစိုးကပြောသည်။


နံနက်ပိုင်းတွင် ပြည်ဒေသခံလူမှုအဖွဲ့များက သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ မှော်ဇာပြတိုက်၊ ဘောဘောကြီးဘုရား၊ ဘုရားထောင်ဘုရား၊ မှော်ဇာဈေးပတ်လည် တို့တွင် မြက်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ခြင်း စသည့်လှုပ်ရှားမှုများကို Sriksetra Heritage Trust က ဦးဆောင်ပြီး ခေတ္တရာလူငယ်အသင်း၊ အထက(၁) ကင်းထောက်လူငယ်အဖွဲ့၊ ဒေသခံ ဧည့်လမ်းညွှန်သင်တန်းလူငယ်များ၊ မှော်ဇာဒေသခံများက စုစုပေါင်း ၂၀၀ခန့်က ဆောင်ရွက်ခဲ့သည်။ 


အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသနနေ့ကို နှစ်စဉ် အောက်တိုဘာလ တတိယအပတ် စနေနေ့တွင် ပြုလုပ်လျက်ရှိပြီး ပြည်မြို့တွင်မူ ယခုနှစ်သည် ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။



ရေခဲ(ပြည်)


ပြည် (မဇ္ဈိမ)

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ